တောင်ဥက္ကလာပ နှစ်လောင်းပြိုင်လူသတ်မှုမှ မသင်္ကာသူတစ်ဦးကို စီစီတီဗီပုံရိပ်ကတွေ့ရှိထား


ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီကျော်ခန့်က တွေ့ရှိခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်က တိုက်ခန်းထဲမှာ လင်မယား(၂)ဦးအသတ်ခံရတဲ့အမှုက မသင်္ကာသူအမျိုးသား(၁)ဦးကို စီစီတီဗီကနေတွေ့ရှိထားပြီး စုံစမ်းနေတယ်လို့သိရပါတယ်။ အဲဒီအမှုကိုတိုင်း၊ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ တွေပူးပေါင်းပြီး အထူးအမှုစစ်ဖွဲ့နဲ့ စုံစမ်းဖော်ထုတ်နေတယ်လို့ တောင်ဥက္ကလာပမြို့မရဲစခန်းမှူး ဒုရဲမှူးရွှေဌေးကပြောပါတယ်။

အခင်းဖြစ်တိုက်ထဲမှာ လင်မယား(၂)ဦးသေဆုံးနေတာကို ရပ်ကွက်ထဲနေထိုင်သူတွေက အဝင်အထွက်ရှိတာမတွေ့လို့ မသင်္ကာတာကြောင့် သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရာကနေ စတင်သိရှိတာဖြစ်တယ်လို့အခင်းဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးလှမြင့်ကပြောပါတယ်။

အဲဒီသေဆုံးသူ(၂)ဦးလုံးဟာ အသက်(၃၀)ကျော်အရွယ်တွေဖြစ်ပြီး ယောက်ျားဖြစ်သူမှာ ထိုးသွင်းဒဏ်ရာအများအပြားနဲ့ သေဆုံးနေတာ  ဖြစ်ပြီး အမျိုးသမီးဖြစ်သူကတော့ နားထင်ချိုင့်ဝင်ဒဏ်ရာနဲ့သေဆုံးနေတာလို့ ဦးလှမြင့်ကပြောပါတယ်။

သေဆုံးသူတွေဟာ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်ပြီး ဇာတိမှာရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူတွေအခန်းထဲက မီးခံသေတ္တာမှာပွင့်နေတာတွေ့ရပြီး ပစ္စည်းတွေတော့မတွေ့ရှိတော့ဘူးလို့ ဦးလှမြင့်ကပြောပါတယ်။

လက်ရှိမှာသေဆုံးသူတွေအိမ်မှာ အဝင်အထွက်ရှိတဲ့ ခင်မင်သူဆိုက်ကားဆရာအမျိုးသား(၁)ဦးကို စီစီတီဗီကနေပုံရိပ်ရယူထားပြီး ရဲတပ်ဖွဲ့ကစစ်ဆေးနေတယ်လို့လည်း ဦးလှမြင့်ကပြောပါတယ်။

အမှုကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် ၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ(၆)လမ်း(ခ)က (၅)လွှာတိုက်ရဲ့ (၄)လွှာမှာနေထိုင်တဲ့ လင်မယား(၂)ဦးသေဆုံးနေတာကို ဇူလိုင်(၃၁)ရက်၊ ည(၈)နာရီကျော်လောက်ကတွေ့ရှိခဲ့တာပါ။ အဲဒီလင်မယား(၂)ဦး သေဆုံးတဲ့အမှုကို တောင်ဥက္ကလာပမြို့မရဲစခန်းမှာ လူသတ်မှုပုဒ်မ ၃၀၂ နဲ့    အမှုဖွင့်ပြီးစုံစမ်းနေတာပါ။

သတင်း -ဝေယံထက်ဝင်း / Photo-  Thet Zaw
One News Myanmar
တောင်ဥက္ကလာပ နှစ်လောင်းပြိုင်လူသတ်မှုမှ မသင်္ကာသူတစ်ဦးကို စီစီတီဗီပုံရိပ်ကတွေ့ရှိထား တောင်ဥက္ကလာပ နှစ်လောင်းပြိုင်လူသတ်မှုမှ မသင်္ကာသူတစ်ဦးကို စီစီတီဗီပုံရိပ်ကတွေ့ရှိထား Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.