တစ်နေရာရာကနေ အစပြုလိုက်ရာကနေ အွန်လိုင်းပေါ် မှာ ပုံကြီးချဲ့လာတဲ့ လုပ်ကြံပြောဆိုမှုတွေကြောင့်ဖြစ် |
အခုနှစ်အစ ပထမ သုံးလပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းအချက်အလက် အမှားတွေကြောင့် ကမ္ဘာတဝန်းမှာ အနည်းဆုံး လူ ၈၀၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေကြောင့် လူ ၅၈၀၀ ဆေးရုံတင်ပို့ခဲ့ရတယ်လို့ American Journal of Tropical Medicine and Hygiene ဆိုတဲ့ အပူပိုင်းဒေသ ဆေးဝါး၊ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အမေရိကန်ဂျာနယ်ထဲက လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
အတော်များများဟာ မက်သနော ဒါမှမဟုတ် အရက်ပါတဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေ သောက်ခဲ့ကြလို့ သေဆုံးခဲ့ကြတာပါ။
ကိုဗစ်-၁၉ ရောဂါ အလျင်အမြန် ပျံ့နှံ့ခဲ့သလို ရောဂါအကြောင်း သတင်းအမှားတွေလည်း တစ်ချိန်တည်း တစ်မုဟုတ်ချင်း ပျံ့နှံ့ခဲ့ပြီး လုပ်ကြံပြောဆိုမှုတွေ၊ ကောလာဟလတွေ၊ ရှေးရိုးအယူစွဲတွေကြောင့် လူသေဆုံးမှုတွေ၊ ထိခိုက်နာကျင်မှုတွေ ဖြစ်ခဲ့ရပါတယ်။
ထိခိုက်သေဆုံးသူ အတော်များများဟာ ယုံကြည်စိတ်ချရတဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက်မျိုးတွေနဲ့ ဆင်တူတဲ့ ကြက်သွန်ဖြူတွေ အများကြီးစား ဒါမှမဟုတ် ဗီတာမင်ဆေးတွေ အများကြီးသောက် စတဲ့ အကြံပေးချက်မျိုးတွေကို ရောဂါ မကူးအောင် ကာကွယ်နည်းတွေအဖြစ် လိုက်နာ လုပ်ဆောင်ခဲ့ကြတယ်လို့ အဲဒီလေ့လာချက်ကို ပြုစုခဲ့သူ သုတေသီတွေက ပြောပါတယ်။ တချို့ဆိုရင် နွားကျင်ငယ်ရည်ကိုတောင် သောက်ခဲ့ကြပါတယ်။
ဒီလို လုပ်ရပ်မျိုးတွေကြောင့် သူတို့ရဲ့ ကျန်းမာရေးအပေါ် အကြီးအကျယ် ထိခိုက်လာစေခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။
ဒီလို ကပ်ရောဂါအကြောင်း သတင်းမှားတွေကို တန်ပြန် တိုက်ဖျက်ဖို့ဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ လူမှုကွန်ရက်တွေရဲ့ တာဝန်ဖြစ်တယ်လို့ အဲဒီလေ့လာချက်မှာ ကောက်ချက်ချထားပါတယ်။
ဒါပေမဲ့ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးပြီး ဟာကွက်တွေ ရှိနေတဲ့အတွက် နည်းပညာကုမ္ပဏီတွေအနေနဲ့ ဝေဖန်ခံနေကြရပါတယ်။
ယူကေ နိုင်ငံမှာဆိုရင် အွန်လိုင်းကြောင့် အန္တရာယ် ဖြစ်ရမှုတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်နိုင်ဖို့ နှစ်နဲ့ချီ ကြာဦးမှာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကြောင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ မီးရှို့မှုနဲ့ သေဆုံးမှုတွေ ဖြစ်ခဲ့ရတယ် ဆိုတဲ့ ဆက်နွှယ်မှု အထောက်အထားတွေကို ဘီဘီစီက စုံစမ်းသိခဲ့ရပြီး ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေ၊ ခံခဲ့ရသူတွေရဲ့ အတွေ့အကြုံတွေကို မေးမြန်းကြည့်ခဲ့ပါတယ်။
အွန်လိုင်းပေါ်က ကောလာဟလတွေကြောင့် အိန္ဒိယနိုင်ငံမှာ လူအုပ်စုနဲ့ တိုက်ခိုက်ကြတာတွေ၊ အီရန်နိုင်ငံမှာ လူအများအပြား အဆိပ်သင့်မှုတွေ ရှိခဲ့ပါတယ်။
တစ်နေရာရာကနေ အစပြုလိုက်ရာကနေ အွန်လိုင်းပေါ် မှာ ပုံကြီးချဲ့လာတဲ့ လုပ်ကြံပြောဆိုမှုတွေကြောင့် ယူကေနဲ့ နိုင်ငံတချို့မှာ တယ်လီဖုန်းအင်ဂျင်နီယာတွေ ခြိမ်းခြောက် တိုက်ခိုက်ခံခဲ့ရပြီး တယ်လီဖုန်းတိုင်တွေ မီးရှို့ခံခဲ့ရပါတယ်။
လူမှုကွန်ရက်ဟာ လူလိမ်လူညာတွေ အတွက် ဒီကပ်ရောဂါကြီးကို အခွင့်ကောင်းယူပြီး ရောဂါမကူးနိုင်ဘူးဆိုတဲ့ အဆောင်တွေ ရောင်းတာမျိုး၊ အံ့ဖွယ်ဆေးရည် ဆိုပြီး ရေရောထားတဲ့ အရောင်ချွတ်ဆေးတွေ ဝယ်ခိုင်းတာမျိုးတွေ လုပ်ဖို့ကိုလည်း အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ကိုဗစ်-၁၉ ထိုးဆေးတွေ စထွက်ပေါ်လာနေတဲ့ အခုလိုအချိန်မှာပဲ ဒီဆေးတွေကို ဆန့်ကျင်သူတွေက လူတွေကို ဒီဆေးတွေနဲ့ ကိုယ့်ကိုယ်ကို မကာကွယ်ကြဖို့ လူမှုကွန်ရက်ကို အသုံးပြုပြီး သိမ်းသွင်း ပြောဆိုလာကြမယ့် အန္တရာယ်မျိုး ထပ်ရှိနေပါတယ်။
ကိုဗစ်-၁၉ ထိုးဆေးတွေအကြောင်း လွဲမှားတဲ့ သတင်းအချက်အလက်တွေကို လူမှုကွန်ရက် ကုမ္ပဏီတွေက ဖြုတ်ပစ်တာမျိုး၊ ထောက်ပြတာမျိုးတွေ လုပ်နေတဲ့ကြားက အမေရိကန်ပြည်သူ ၂၈ ရာခိုင်နှုန်းက မိုက်ခရိုဆော့ဖ် ကုမ္ပဏီအကြီးအကဲ ဘေလ် ဂိတ်စ်ဟာ လူတွေရဲ့ခန္ဓာကိုယ်ထဲမိုက်ခရို ချစ်ပ် အပြားတွေ ထည့်နိုင်ဖို့ အဲဒီထိုးဆေးတွေကို သုံးချင်နေတာလို့ ယုံကြည်နေကြကြောင်း အမေရိကန်မှာ မကြာသေးခင်က လုပ်ခဲ့တဲ့ စစ်တမ်းတွေအရ သိရပါတယ်။
ဒီလို သတင်းမှားတွေကြောင့် တကယ်ထိရောက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ထိုးဆေးတစ်ခု အောင်အောင်မြင်မြင် အသုံးပြုနိုင်ရေးကို လုံးဝ ထိခိုက်သွားစေနိုင်တယ်လို့ ဆရာဝန်တွေက သတင်းမှားတွေ စုံစမ်းဖော်ထုတ်နေတဲ့ ဘီဘီစီအဖွဲ့ကို ပြောပါတယ်။
BBC Burmese
No comments:
Post a Comment