ငှက်ဖျားဆေး ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းကို ကိုဗစ်အတွက် စမ်းသပ်မှု အပြီးမသတ်ခင်ရပ်

ဟိုက်ဒြောက်ဆီ ကလိုရိုကွင်း

ဟိုက်ဒြောက်ဆီကလိုရိုကွင်းဆေး ကိုဗစ်မှာ စမ်းသပ်မှုကြောင့် အငြင်းပွားဖွယ်တွေ အများအပြားဖြစ်ခဲ့ပါတယ်။

ငှက်ဖျားရောဂါ ကုသရာမှာ သုံးလေ့ရှိတဲ့ ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စွမ်း ရှိမရှိ စမ်းသပ်လေ့လာနေမှုရဲ့ ရလဒ်က ဘယ်တော့မှ ထွက်ပေါ်လာမယ့်ပုံ မရှိဘူးလို့ စမ်းသပ်မှုမှာ ပါဝင်သူ သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ ဆေးတွေထဲမှာ ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးဟာ အငြင်းပွားမှု အပြင်းထန်ဆုံး ဆေးဖြစ်ခဲ့ပြီး ဒီလို အငြင်းပွားမှုတွေကြောင့်ပဲ ဒီစမ်းသပ်စစ်ဆေးမှုကို အပြီးမသတ်ဘဲ ရပ်ခဲ့ရတယ်လို့ သူတို့က ပြောပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ် အဆိုးဆုံးထိတဲ့ နိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတ ယဲ ဘိုဆိုနာရိုတို့ဟာ ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေး ကောင်းကြောင်း တွင်တွင်ကြီး ကြော်ငြာခဲ့ကြသလို ဒီဆေးအကြောင်း အွန်လိုင်းမှာလည်း သတင်းမှားမျိုးစုံ တက်ခဲ့တာပါ။

ဒါပေမဲ့ ဆေးရုံတက် ကုသနေရတဲ့ ကိုဗစ်-၁၉ လူနာတွေကို ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးနဲ့ ကုသလို့ မထိရောက်ဘူးဆိုပြီး ဗြိတိန်သိပ္ပံပညာရှင်တွေရဲ့ လက်တွေ့ စမ်းသပ်မှုတခုကို ကိုးကားပြီး လန်းဆက် ဆေးပညာဂျာနယ်က ပြောလိုက်ပြီးနောက်မှာ ဆူဆူညံညံအသံတွေ တော်တော်တိတ်သွားခဲ့ပါတယ်။

ဒါပေမဲ့ အဖြေမထွက်သေးတဲ့ ပုစ္ဆာတစ်ပုဒ်က ကျန်ခဲ့ပါတယ်။ အဲဒါကတော့ ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးဟာ ကိုဗစ်-၁၉ ရောဂါကို ကြိုတင် ကာကွယ်နိုင်စွမ်း ရှိမရှိဆိုတဲ့ အချက်ပါ။

သိပ္ပံပညာရှင်တချို့က ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးဟာ ရောဂါသည်းနေတဲ့ လူနာတွေကို ကုဖို့ မထိရောက်ပေမယ့် ရောဂါအစပိုင်းမှာ အသုံးပြုခဲ့ရင် အကျိုးရှိကောင်း ရှိနိုင်တယ်လို့ ယူဆနေကြတာပါ။

ဟိုက်ဒြောက်ဆီနိုင်ငံရေးနဲ့ ရပ်တန့်သွားတဲ့စမ်းသပ်မှု

ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စွမ်း ရှိမရှိ စမ်းသပ်မှု အသစ်တစ်ခုကို အောက်စဖို့ဒ်တက္ကသိုလ်က ဦးဆောင်လုပ်နေပြီး ကမ္ဘာပေါ်က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၄ သောင်း ပါဝင်ဖို့ ရည်မှန်းထားပါတယ်။

ဒီဆေးကို စောစောသုံးရင် ရောဂါ ပိုဆိုးမလာအောင် တားနိုင်မလား ဆိုတာကို လူဦးရေအများအပြား၊ ပမာဏကြီးကြီးမားမားနဲ့ 'ဆေးရဲ့သက်ရောက်မှုကို စမ်းသပ်သူရော အစမ်းသပ်ခံပါ မသိတဲ့၊ ဘက်မလိုက်စေအောင် လေ့လာတဲ့ Double-blind စမ်းသပ်မှု' တစ်ခုလုပ်ဖို့ သိပ္ပံပညာရှင်တွေက စီစဉ်ထားတာပါ။ အဲဒီဘက်မလိုက်လေ့လာစမ်းသပ်မှုမှာ ပါဝင်တဲ့ သိပ္ပံပညာရှင်တွေဘက်မှာတော့ သူတို့ကို အုပ်စုနှစ်စုခွဲပြီး ဘယ်အုပ်စုမှာ ဘယ်သိပ္ပံပညာရှင်တွေပါဝင်တယ် ဆိုတာကိုရော ဘယ်အဖွဲ့က ဘာတွေလုပ်နေတယ် ဆိုတာပါ မသိစေဘဲ သီးသန့်လွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်တဲ့ စမ်းသပ်မှုပါ။

"ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးဟာ ဆေးရုံတက် ကုနေရတဲ့ ရောဂါပြင်းတဲ့ လူနာတွေကို ကုလို့ အလုပ်မဖြစ်ဘူးဆိုတာ ကျွန်တော်တို့သိရပြီ။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကို ကြိုတင် ကာကွယ်ရာမှာတော့ အကျိုး ရှိကောင်း ရှိနေနိုင်သေးတယ်" လို့ စမ်းသပ်မှု အသစ်မှာ ပါဝင်တဲ့ ပါမောက္ခနစ်ခ် ဝှိုက်က ဆိုပါတယ်။

ဒီဆေးက အန္တရာယ်ရှိတယ်ဆိုတဲ့ စာတမ်းတစောင် လန်းဆက် ဆေးပညာဂျာနယ်မှာ ပါလာခဲ့အပြီးမှာ ဗြိတိန်နိုင်ငံရဲ့ ဆေးပညာဆိုင်ရာ စည်းမျဉ်း ထိန်းသိမ်းရေးအဖွဲ့ MHRA က ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေး စမ်းသပ်မှုတွေကို ဆက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ အခုတော့အဲဒီစာတမ်းကို လူတွေ အယုံအကြည် မရှိကြတော့ပါဘူး။

အဲဒီနောက် ဇွန်လနှောင်းပိုင်းမှာ စမ်းသပ်မှုတွေ ပြန်စခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေး စိုးရိမ်ရမှု၊ နိုင်ငံရေးနဲ့ ဆက်နွှယ်လာမှု စတာတွေကြောင့် ဒီစမ်းသပ်မှုတွေမှာ ပါဝင်မယ့်သူတွေကို ရှာဖွေရခက်လာတယ်လို့ စမ်းသပ်မှုကို ဦးဆောင်နေသူတွေက ပြောပါတယ်။

ဆေးရုံ ကုမ္ပဏီစုတွေကလည်း စမ်းသပ်မှုမှာ မပါတော့ဘဲ နောက်ဆုတ်သွားကြတယ်လို့ ပါမောက္ခဝှိုက်က ဆိုပါတယ်။

အခြေအတင် အငြင်းပွားစရာတွေ ဘာ့ကြောင့် ဖြစ်လာရလဲ

ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးကို အားပေးခဲ့တဲ့ ဘရာဇီးသမ္မတ

ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းကို ငှက်ဖျားဆေးအဖြစ် အသုံးပြုလာတာ နှစ်နဲ့ချီ ကြာနေပါပြီ။

ဒါပေမဲ့ ဒီဆေးက ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကုနိုင်တယ်ဆိုတဲ့ သက်သေ အထောက်အထားမျိုးတော့ လောလောဆယ် မရှိသေးပါဘူး။

ဘေးထွက်ဆိုးကျိုးတွေ အကြီးအကျယ် ရှိနေတဲ့အတွက် ဒီဆေးကို တလွဲ အသုံးမပြုဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က တားမြစ်ထားပါတယ်။

တဖက်မှာလည်း သမ္မတထရမ့်၊ သမ္မတယဲ ဘိုဆိုနာရိုတို့လို သြဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေက ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးကို အကြီးအကျယ် ကြော်ငြာခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး ကိုယ်တိုင် ဒီဆေးကို သောက်ပါတယ်။

ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကလည်း သိပ္ပံနည်းကျ တွေ့ရှိချက်ကို လက်မခံတဲ့ ဆရာဝန်တွေရဲ့ အွန်လိုင်းပေါ်က ပို့စ်တွေကို ဖြုတ်ချခဲ့ကြပါတယ်။

"ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးလောက် နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့၊ အငြင်းပွားမှုတွေ ပြင်းထန်တဲ့ ဆေးမျိုး ကျွန်တော်မတွေ့ဖူးသေးပါဘူး"လို့ ပါမောက္ခဝှိုက်က ပြောပါတယ်။

ဆေးရုံတက် ကုရတဲ့ ရောဂါရင့်လူနာတွေရဲ့ အသက်ကို ဒီ ဆေးက မကယ်နိုင်ဘူးလို့ ယူကေက လုပ်တဲ့ စမ်းသပ်မှုက ကောက်ချက်ချအပြီးမှာ ဒီဆေးကို ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆေးဟာ ကြိုတင် ကာကွယ်ဆေးတစ်ခုအနေနဲ့ ထိရောက်မှု ရှိမရှိ ဆိုတာကို အတိုင်းအတာ ကြီးကြီးမားမားနဲ့ လေ့လာနေမှုတွေက နေတော့ ရလဒ်အဖြေတွေ ထွက်မလာသေးပါဘူး။

ကိုဗစ်-၁၉ ရောဂါဒဏ်ကို ဆေးဝန်ထမ်းတွေက တခြားလူတွေထက် အဆမတန် ပိုခံနေကြရတာပါ။ ဒီစမ်းသပ်မှုကို ဦးဆောင် လုပ်နေတဲ့ အောက်စဖို့ဒ် သိပ္ပံပညာရှင်တွေကတော့ ကပ်ရောဂါဆိုးကြီးကို အနီးကပ် တိုက်ဖျက်နေကြရတဲ့ ဆေးဝန်ထမ်းတွေအတွက် ဒီဆေးကအထောက်အကူ ပေးနိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-53959443

ငှက်ဖျားဆေး ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းကို ကိုဗစ်အတွက် စမ်းသပ်မှု အပြီးမသတ်ခင်ရပ်  ငှက်ဖျားဆေး ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းကို ကိုဗစ်အတွက် စမ်းသပ်မှု အပြီးမသတ်ခင်ရပ် Reviewed by THITHTOOLWIN on 19:40 Rating: 5

No comments:

Powered by Blogger.