SNLD ပါတီ ကိုယ်စားလှယ်လောင်း ၁၅၀ ရွေးကောက်ပွဲဝင်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ပါတီဝင်များကို တွေ့ရစဉ် / Photo: SNLD
ရှမ်းပြည်နယ်မှာ အင်အားအကောင်းဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၁၅၀ ရှိတယ်လို့ RFA ကို ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ ပြောပါတယ်။

ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲ မဝင်ခဲ့သလို ဒီနှစ်မှာလည်း ဝင်ဖို့အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်ရောက်နေတဲ့ SNLD အမတ် ၁၇ ဦးထဲမှာ ဒီနှစ် ရွေးကောက်ပွဲပြန်ဝင်မယ့်သူ ငါးဦးခန့် ရှိမှာပါ။ 

ပြည်နယ်လွှတ်တော်မှာတော့ ပါတီရဲ့ အမတ်အင်အား ၂၈ ဦး ရှိနေတယ်လို့ ပါတီရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဲဒီထဲက ရှစ်ဦးလောက်သာ ရွေးကောက်ပွဲ ပြန်ဝင်မှာ ဖြစ်တယ်လို့ ပါတီရဲ့ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

ရွေးကောက်ပွဲ ပြန်ဝင်ကြမယ့်ထဲမှာ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ညွန့်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ စိုင်းသီဟကျော်၊ စိုင်းထွန်းအေး၊ နန်းခမ်းအေးတို့ ပါဝင်ပါတယ်။

ပါတီက ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေကတော့ ရှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းထဲက နယ်မြေတွေ ဖြစ်ပါတယ်။

SNLD ပါတီက ကိုယ်စားလှယ်လောင်းစာရင်း အကုန်လုံးကို သီးသန့်ထုတ်ပြန်ဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

ပါတီရဲ့ အလံနဲ့ အမှတ်တံဆိပ်မှာ ပါဝင်တဲ့ ကျားခေါင်းကို အစွဲပြုပြီး SNLD ကို ကျားခေါင်းပါတီလို့လည်း ခေါ်ကြပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နည်းတူ SNLD ကလည်း တပ်မတော်အစိုးရ ပြုလုပ်ပေးတဲ့၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီကာလမှာ ပါတီနှစ်ခုလုံးရဲ့ ခေါင်းဆောင်တွေကို တပ်မတော်အစိုးရက ထိန်းသိမ်းထားတာပါ။

SNLD ပါတီဝင်တွေ အပါအဝင် ရှမ်းတိုင်းရင်းသားနိုင်ငံရေးသမား အများအပြားဟာ အဲဒီကာလမှာ ပေါ်ပေါက် လာတဲ့၊ ပါတီအလံနဲ့ တံဆိပ်မှာ ကျားဖြူပုံ သရုပ်ဖော်ထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီကို ဝင်ရောက်ခဲ့ကြပါတယ်။

၂၀၁၂ မှာ SNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့ပါတယ်။

၂၀၁၂ နောက်ပိုင်း ပါတီနှစ်ခု ပေါင်းစည်းရေး ကြိုးပမ်းမှုတချို့  ပေါ်ပေါက်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

SNLD ပါတီဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဟာမိတ်အဖြစ် ကာလကြာရှည် တည်ရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးတစ်နေရာ ပေးအပ်ဖို့ အာဏာရပါတီက SNLD ကို ညှိနှိုင်းခဲ့ပေမယ့် ပိုမိုအရေးပါတဲ့ ဝန်ကြီးဌာန နေရာ မဟုတ်တာကြောင့် သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/150-SNLD-party-candidates-will-be-in-election-07272020090744.html
SNLD ပါတီ ကိုယ်စားလှယ်လောင်း ၁၅၀ ရွေးကောက်ပွဲဝင်မည် SNLD ပါတီ ကိုယ်စားလှယ်လောင်း ၁၅၀ ရွေးကောက်ပွဲဝင်မည် Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.