ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ တူးဂျာကို ၂၀၁၉၊ ဇူလိုင် ၂၉ ရက်နေ့ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် / Photo: Elizabeth/ RFA |
မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြစ်လာမယ့်အချိန်ကျရင် ကချင်ပြည်နယ်ကို စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့်ဟာ ကချင်တိုင်းရင်းသားတွေကိုယ်တိုင် ရရှိလာမှာဖြစ်တာကြောင့် အဲဒီအချိန်ကာလမှာ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မယ့် ပြည်နယ်အစိုးရဖြစ်အောင် ဦးတည်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း KSPP ပါတီ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ တူးဂျာက ဒီနေ့လူထုတွေ့ဆုံပွဲမှာ ပြောပါတယ်။
KSPP ပါတီကိုဦးဆောင်ဖို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၂၅ ဦးနဲ့ ဖွဲ့စည်းထားကြောင်းလည်း ဒေါက်တာ တူးဂျာက ပြောပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ၃ ပါတီပူးပေါင်းပြီး တစ်ပါတီတည်းအဖြစ် ဆောင်ရွက်ဖို့ ကချင်ဒေသခံတွေရဲ့ တောင်းဆိုချက်အရ ကချင်ပြည်နယ် ပြည်သူ့ပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ပူးပေါင်းပါတီကို စတင်တည်ထောင်ချိန်က ကချင်ပြည်နယ်ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုတဲ့အတွက် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အနေနဲ့ ပြောင်းလဲလျှောက်ထားရာမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပါတီတည်ထောင်ခွင့် တရားဝင်ခွင့်ပြုချက် ရရှိခဲ့ပါတယ်။
RFA Burmese
https://www.rfa.org
ကချင်ပြည်နယ် ပြည်သူ့ပါတီ မြစ်ကြီးနားမြို့ဒေသခံတွေနဲ့ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ
Reviewed by THITHTOOLWIN
on
05:03
Rating: