![]() |
ponnagyun-signboard-622 |
ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲမှာ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာက ၁၆ နှစ်အရွယ် ၁ဝ တန်းကျောင်းသားနဲ့ ၁၂ နှစ်ရွယ် ကလေးနှစ်ဦးလည်း ပါဝင်ပါတယ်။
အဲဒီကလေးနှစ်ဦးဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၂ဝ ရက်နေ့တုန်းက မယူမြစ်ထဲမှာရှိတဲ့ တပ်မတော် ရေတပ်သင်္ဘောသုံးစီးကို AA အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တစ်ရွာလုံး ကြောက်လန့်ထွက်ပြေးလာကြတဲ့ အထဲမှာ ပါဝင်ကြတာဖြစ်ပါတယ်။
ဒီကလေးနှစ်ဦး ဖမ်းဆီးစစ်ဆေးနေတာနဲ့ပတ်သက်ပြီး သူ့မိသားစုဝင်တွေကို ရဲတပ်ဖွဲ့က မနေ့တုန်းက အကြောင်းကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အကြောင်းကြားတဲ့အတွက် ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်သူ ဦးမောင်ကျော်သန်းဟာ သူသား နှစ်ယောက်နဲ့တွေ့ဖို့ ဒီနေ့နေ့လယ်မှာ ပုဏ္ဏားကျွန်းရဲစခန်းကို သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မပေးခဲ့ဘူးလို့ ဦးမောင်ကျော်သန်းက ပြောပါတယ်။
“ဒီနေ့ ကျနော်တို့ တစ်နာရီကျော် နှစ်နာရီလောက်သွားလိုက်တော့ စခန်းမှူးက ကျနော် စစ်တွေကိုရောက်နေတယ်၊ ကလေးတွေနဲ့ တွေ့ချင်တယ်ပြောတော့ ကလေးတွေ့နဲ့ တွေ့လို့မရသေးဘူး ကလေးတွေကို စစ်ဆေးနေတယ် အဲလိုပြောတယ်၊ အစားအသောက်တွေ ပေးချင်ရင်လည်း စခန်းမှာပေးခဲ့လို့ပြောတယ်၊ မိဘတွေကတော့ စိုးရိမ်တာပေါ့ဗျ၊ ကလေးတွေနဲ့ တွေ့ချင်တာပေါ့၊ တစ်ခုခုဖြစ်မှာ တစ်ခုခုလုပ်မှာစိုးတဲ့အတွက် ကလေးတွေကို တအားတွေ့ချင်နေတာ”
ဖမ်းဆီးခံ ရခိုင်လူငယ်တွေကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ရခိုင်အမျိုးသားပါတီက ကူညီဆောင်ရွက်ပေးနေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
“အန်ကယ်တို့ကလည်း သူတို့ကို ပါတီရုံးကိုလွှတ်ထားတယ်၊ ရဲစခန်းမှာ ကလေးတွေနဲ့ တွေ့ဆုံခွင့်ရဖို့၊ ထမင်းတွေစားစရာတွေ ပို့ခွင့်ရဖို့၊ အခွင့်အရေးတွေ တောင်းဆိုဖို့၊ အန်ကယ်တို့ကတော့ အဝေးမှာရောက်နေလို့”
ပုဏ္ဏားကျွန်းမြို့နယ်မှာ ခရီးသည်ကားတွေကို တားဆီးစစ်ဆေးတာဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။
ဖမ်းဆီးခံ ရခိုင်လူငယ် ၁၁ ဦးကို စစ်တွေမြို့ကို ရွေ့ပြောင်းစစ်ဆေးနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးမောင်မောင်စိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေးရှိတယ်ဆိုပြီး ဖြေကြားခဲ့ပါတယ်။
ဖမ်းဆီးခံကလေးတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်းဆောင်ရွက်ဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အခုလို ပြောပါတယ်။
“တည်ဆဲဥပဒေကို လေးစားလိုက်နာဖို့လိုတယ်၊ သူတို့မိသားစုဝင်တွေကို တရားဝင်အကြောင်းကြားဖို့ အဲဒါတွေလိုအပ်တယ်၊ ဖမ်းတာနဲ့ အကြောင်းကြားပေးရမယ်၊ အခုဆို သူတို့လုံခြုံရေးကို မိသားစုက စိုးရိမ်နေရတယ်၊ ဆိုးဆိုးဝါးဝါးဖြစ်သွားတာလည်း ရှိတော့လေ”
ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉ဝ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.rfa.org
ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမှာ လူငယ် ၁၁ ဦးကို ဖမ်းဆီး
Reviewed by THITHTOOLWIN
on
09:58
Rating:
