သိမ်းဆည်းလယ်ယာမြေတွေ မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မော်လမြိုင်မြို့မှာ ၂၀၁၉ ဧပြီ ၄ ရက်နေ့က လူထုနဲ့တွေ့ဆုံစဉ် / Photo: Myanmar State Counsellor Office
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထပ်မှာ သိမ်းဆည်းခံရတဲ့လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ လွှတ်တော်ဆုံးဖြတ်ချက်နဲ့ အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲလိုဆောင်ရွက်ရာမှာ အခက်အခဲ ၄ ခုရှိပြီး သိမ်းထားတဲ့ပုဂ္ဂိုလ်တွေက ပြန်ပြီးတော့ မစွန့်ချင်တဲ့အခက်အခဲ၊ သိမ်းထားတဲ့သူက ပြန်စွန့်ဖို့ကအသင့်ဖြစ်နေပြီ ဒါပေမဲ့ အုပ်ချုပ်ရေးဆိုင်ရာရဲ့ အခက်အခဲကြောင့် မြန်မြန်ဆန်ဆန် အကောင်ထည်မဖော်နိုင်တာ၊ ပိုင်ဆိုင်မှုအငြင်းပွားနေတာတွေနဲ့ ပိုင်ဆိုင်မှုမရှိဘဲ ရလိုရငြားတောင်းတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတစ်ခုမှာ ဆင်းရဲချမ်းသာကွာဟမှုများရင် တည်ငြိမ်အေးချမ်းမှုနည်းလေ့ရှိတာကြောင့် နိုင်ငံတခုလုံး ဆင်းရဲချမ်းသာ ကွာဟမှုနည်းအောင် ဆောင်ရွက်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုင်းနဲ့ပြည်နယ်တွေမှာ ချမ်းသာကြွယ်ဝမှုတွေ၊ တိုးတက်တာတွေ မတူညီကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်ရာမှာ စီပွားရေးအရမဟုတ်ဘဲ နိုင်ငံရေးအရပါ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဒီနေ့မော်လမြိုင် လူထုတွေ့ဆုံပွဲမှာ ကြိုတင်ပေးထားတဲ့ မေးခွန်း ၁၀ ခုကျော်နဲ့ လူ ၇ ယောက်သာ မေးခွန်းမေးခွင့်ပေးခဲ့ပြီး မေးခွန်းမေးခွင့်မရတဲ့သူတွေအများကြီးက မေးခွင့်ပေးဖို့ တောင်းဆိုတာတွေရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အချိန်မရတာကြောင့် အခုလိုလူအနည်းငယ်ကိုပဲ မေးခွင့်ပြုတာဖြစ်ကြောင်းနဲ့ တိုင်စာတွေကိုလည်း စနစ်တကျဖတ်ကြားကာ သက်ဆိုင်ရာဌာနတွေကို ဆောင်ရွက်ဖို့ ညွှန်ကြားထားတာကြောင့် တိုင်စာဌာနကို တိုင်ကြားဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
သိမ်းဆည်းလယ်ယာမြေတွေ မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်နေ သိမ်းဆည်းလယ်ယာမြေတွေ မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်နေ Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.