![]() |
ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားခဲ့ရတဲ့ ညောင်တုန်းဆေးရုံ |
ညောင်တုန်းဆေးရုံ ဆောက်လုပ်ဖို့ကို ပြည်ထောင်စု အစိုးရအဖွဲ့က ငွေကျပ်သိန်း ၆ ထောင်ကျော် ဘတ်ဂျက် ချပေးခဲ့ပြီး ဆောက်လုပ်ခွင့် တင်ဒါကို တော်ဝင်အောင်မြေ ကုမ္ပဏီက ရခဲ့ပါတယ်။
ဆောက်လုပ်မှု ၅၀ % လောက် ပြီးသွားချိန်ကျမှ ဒီအဆောက်အဦဟာ တိုင်နေရာ မှားစိုက်တာ၊ အရွယ်အစား သေးတဲ့ သံချောင်းတွေ ထည့်သွင်းဆောက်လုပ်တာ၊ အဆောက်အဦ ခံနိုင်ရည်ဝန် မပြည့်မီတာတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင် အလုပ်သမားတွေက သတင်းစာ ရှင်းလင်းပွဲလုပ် ပြောကြားခဲ့ပြီးတဲ့နောက် တိုင်းအစိုးရအဖွဲ့က လာရောက် စစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလကတည်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရပ်ထားခဲ့ရပါတယ်။
ဒီနောက်တော့ ဆောက်လုပ်ဆဲ ၃ ထပ်ဆောင် ဆေးရုံ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး အစိုးရရဲ့ စိစစ်ရေးကော်မတီနဲ့ ပြင်ပပညာရှင် အဖွဲ့တွေက စစ်ဆေးခဲ့ပါတယ်။
ပြင်ပ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိစစ်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုလင်းလင်းက 'ဆေးရုံအဆောက်အဦမှာ ဆောက်လုပ်ရေးပိုင်းနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ ချို့ယွင်းချက် အချက် ၂၀ ထက်မနည်း တွေ့ရတယ်၊ မြေကြီး အရည်အသွေးကို စစ်တဲ့အခါမှာလည်း ဒီအဆောက်အဦရဲ့ ဖောင်ဒေးရှင်း ခံနိုင်ရည်က အရည်အသွေး လုံးဝ မပြည့်မီပါဘူး၊ ဆက်ဆောက်မယ်ဆိုရင် မြေကြီးထဲ ကျွံဝင်သွားလိမ့်မယ်' လို့ ပြောပါတယ်။
![]() |
သတ်မှတ်အရည်အသွေး မပြည့်မီဘဲ ဆောက်လုပ်ထားတဲ့ ဆေးရုံအဆောက်အဦကို မြင်ရစဉ် |
ဇန်နဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတုန်းကလည်း ရပ်ထားတဲ့ ညောင်တုန်းဆေးရုံနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီအဆောက်အဦဟာ အရည်အသွေး မမီလို့ ဖြိုဖျက်ရဖွယ်ရှိတယ်လို့ ပြောပါတယ်။
'လူနာတွေ တင်ပြီးမှ ဆေးရုံမှာ လူနာတွေသေတယ်ဆိုရင် ဘယ်လိုမှ ရှင်းမရတဲ့ကိစ္စ ဖြစ်သွားပါလိမ့်မယ်' လို့ ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောခဲ့ပါတယ်။
![]() |
လုပ်ငန်းခွင် ရပ်နားထားရတဲ့ ဆေးရုံအဆောက်အဦ |
ညောင်တုန်း မြို့ခံတွေကတော့ အရည်အသွေး မမီဘဲ ဆောက်လုပ်ခဲ့တဲ့ ဆေးရုံကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်ဖို့ ထောက်ခံလက်မှတ်တွေ စုဆောင်းပြီး တိုင်းအစိုးရ နဲ့ ပြည်ထောင်စုကို တင်ပြသွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
အရည်အသွေး မမီလို့ ရပ်ထားခဲ့ရတဲ့ ညောင်တုန်းဆေးရုံကို အသစ်ပြန်ဆောက်ဖို့ တင်ပြမယ်လို့ တိုင်းအစိုးရပြော
Reviewed by THITHTOOLWIN
on
17:27
Rating:
