ဒီဇင်ဘာ ၂၄ ၊ စစ်တွေ
စစ်တွေတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲကျော်(ခ) ကိုနီအောင်ကျော်မှာ ကျန်းမာရေးအခြေအနေကြောင့် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲဇော်မှာ ဗိုက်အောင့်၊ သွေးတိုး၊ အသားဝါ၊ ခါးနာ စသည့်ဝေဒနာများဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား ဓာတ်မှန်ရိုက်ထားကြောင်း သိရသည်။
ကိုရဲဇော်သည် ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်တွေအမှတ်(၁)ရဲစခန်းတွင် စစ်ဆေးခံနေရသည့် ကာလလည်းဖြစ်သည်။
ဒီဇင်ဘာ၁၅ ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းရင်းသားကျေးရွာမှ ကိုရဲဇော်အား ဖမ်းဆီးကာ စစ်တွေသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းအား ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ချုပ်ရမန်ယူထားကြောင်း သိရသည်။
ကိုရဲကျော်မှာ ရခိုင်အမျိုးသားပါတီ (ANP)၏ ရန်ကုန်တိုင်း လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး AYC ရခိုင် လူငယ်အဖွဲ့တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
သေဆုံးသွားသည့် ကိုဖိုးလုံးမှာ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော်အတွင်း အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်အနီးကပ် လုပ်ကြံခံလိုက်ရပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ ကိုအောင်ချေ၊ ကိုမေယုထွန်းနှင့် ခိုင်ဘိုဘိုတို့ကိုလည်း စစ်တွေမြို့မရဲစခန်းမှ စစ်ဆေးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။
ခိုင်ရိုးလ / DMG
https://www.dmediag.com
စရဖတစ်ဦးသေဆုံးမှုကြောင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ဆေးကုသမှုခံယူနေရ
Reviewed by THITHTOOLWIN
on
05:21
Rating:
![စရဖတစ်ဦးသေဆုံးမှုကြောင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ဆေးကုသမှုခံယူနေရ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT_Nhq0txXinADxKGeErt13OUSXGMuwpPDJ4_We22OK32JNWYF4iTud0rmFAhKJhm4buboXpJatCUPwN64QW13fmZ83fIGGLf1p5w2Fet7FAKnJmwZvtKn5A8B34J0rhZKEpIsOQqFU54/s72-c/5.jpg)