ဒီဇင်ဘာလ ၂၇ ၊ ဘူးသီးတောင်
ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာက ဒေသခံ (၁၁) ဦးကို ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) က တပ်မတော်က လမ်းပြအဖြစ် ခေါ်ယူသွားပြီး ညနေ ၃ နာရီခန့်တွင် သူတို့ ပြန်လည်ရောက်ရှိလာသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က DMG ကို ပြောသည်။
အဆိုပါရွာသား ၁၁ ဦးမှာ ကျေးရွာအပြင်ဘက်ရှိ လယ်ကွင်းပြင်တွင် စပါးရိပ်သိမ်းနေစဉ် တပ်မတော်သားများက ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာသို့ မသွားရဲသဖြင့် ၄င်းတို့အား လမ်းပြအဖြစ် ခေါ်ယူသွားခြင်းဟု စည်တောင်အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့် ကဆိုသည်။
“ သူတို့ရောက်နေကြပါပြီ။ ဘာမှမဖြစ်ပါဘူး။ သူ(တပ်မတော်)တို့က လမ်းမသွားရဲလို့ ဖောက်ခွဲခံရမှာကို ကြောက်လို့ ခေါ်သွားတာပါ။ လူသားဒိုင်းကာအဖြစ် ခေါ်သွားတာပါ။ သူတို့ကို မေးမြန်းစစ်ဆေးတာတွေတော့ မရှိဘူးလို့ ပြောပါတယ် ” ဟု ၄င်းကပြောသည်။
အဆိုပါ ဒေသခံများကို ခေါ်ယူသွားသည့် ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာ အနီးတဝိုက်တွင် ယနေ့(ဒီဇင်ဘာလ ၂၇ ရက်)အထိ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသည်။
တပ်မတော်က ခေါ်ယူသွားသူများမှာ မောင်မောင်အေး(၃၄နှစ်)၊ ကျော်သိန်းနိုင်(၃၆ နှစ်)၊ လူဖြူ (၂၀ နှစ်)၊ သန်းနိုင်ဝင်း( ၂၉ နှစ်)၊ ဦးသန်းရွှေ (၄၈ နှစ်)၊ မောင်ကျော်လှိုင် ( ၂၂ နှစ်)၊ လှထွန်းစိန်( ၅၄ နှစ်)၊ ဦးခထွီးအောင် (၅၄ နှစ်)၊ မောင်ခင်ရွှေ (၂၇ နှစ်)၊ ဦးသိန်ဟန် (၃၆ နှစ်)နှင့် အောင်မျိုးလင်း (၂၂ နှစ်)တို့ ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာသားတစ်ဦးမှာ တပ်မတော်အား လမ်းပြရန်အတွက် ရေကောင်းချောင်းကျေးရွာသို့ ခေါ်ယူခံရပြီး ပြန်လွှတ်လိုက်သည်ဟု ခရုချောင်းကျေးရွာက ဒေသခံ ဒေါ်မသန်းကြည်က DMG ကို ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေသော ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာတွင်လည်း နွားကျောင်းနေသူတစ်ဦး ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း သိရသည်။
ခိုင်ရိုးလ / DMG
Development Media Group
https://www.facebook.com/dmgnewsagency
ဘူးသီးတောင်ဒေသခံ (၁၁) ဦးကို တပ်မတော်က လမ်းပြအဖြစ်ခေါ်ယူ
Reviewed by THITHTOOLWIN
on
01:16
Rating:
![ဘူးသီးတောင်ဒေသခံ (၁၁) ဦးကို တပ်မတော်က လမ်းပြအဖြစ်ခေါ်ယူ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTcYS9RbH1y7Z_yltArpytshwDBQGrQMOfmDShr4yafF5x60bp6rZWjuddHaikvaZYb9w1oTGVXXwjnOcgMVVd2SJ7BNDN4F1MgEiGgO-8xfFYVkKMfatHSFt04APTXqqmtaHZNzZcvo/s72-c/9.jpg)