အမေရိကန်သံအမတ် Scot Marciel (ယာဘက် ဒုတိယမြောက်) နဲ့ အခြား သံတမန်များ ရန်ကုန်အတွင်းရှိ မဲရုံအား စောင့်ကြည့်လေ့လာစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈) |
ဒီကနေ့ နိုဝင်ဘာလ ၃ ရက် စနေမနက်ပိုင်းကစလို့ လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာမှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကတော့ ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့စွာနဲ့ကျင်းပနိုင်ခဲ့တာ တွေ့ခဲ့ရတယ်လို့ ၂၀၁၈ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့သူတွေကပြောပါတယ်။
ရွေးကောက်ပွဲကျင်းပရာမဲရုံတွေမှာ မဲရုံမှူးတွေရဲ့ ကျား-မ အချိုးကတော့ ညီမျှလာတာ ကြိုဆိုရမယ့် အချက် ဖြစ်ပေမဲ့လို့ မဲရုံမှူးတွေဘက်က နားလည်သိရှိမှုကတော့ အားနည်းနေသေးတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲကို ကိုယ်တိုင် အနီးကပ်စောင့်ကြည့်နေတဲ့ ဖန်တီးအိမ်အဖွဲ့က မခင်လေးငယ်က သူတို့ ဒီကနေ့ စောင့်ကြည့် လေ့လာခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။
မဲရုံတွေကို မဲလာပေးတဲ့ မသန်စွမ်းမဲဆန္ဒရှင်တွေအတွက် မဲပေးဖို့ အဆင်ပြေချောမွေ့စေမယ့် အစီအစဉ်တွေ ကတော့ အားနည်းနေဆဲဖြစ်တယ်လို့ ဖန်တီးအိမ်က ပြောပြပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ PACE နဲ့ ဖန်တီးအိမ်အဖွဲ့တို့ ပူးပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်တွေမှာ ကျင်းပနေတဲ့ မဲရုံတွေကို စောင့်ကြည့်လေ့လာသူပေါင်း ၅၇၉ ဦးနဲ့ အနီးကပ်စောင့်ကြည့်လေ့လာခဲ့ကြတာပါ။ သူတို့ရဲ့ ပူးပေါင်း ကနဦးထုတ်ပြန်ချက်အရ အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံမှူးတွေရဲ့ ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲရဲ့ အခြေခံသဘောတရားနဲ့ စောင့်ကြည့်လေ့လာသူတွေအပေါ် သိရှိ နားလည်မှုတွေကို ဒီ့ထက်ပိုပြီး သင်တန်းပေးဖို့ ပညာပေးဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။
နယ်မြို့တွေမှာတော့ မဲဆန္ဒရှင်ပြည်သူတချို့ မဲဆန္ဒပေးဖို့ အခက်အခဲကြုံခဲ့ကြရသလို- နိုင်ငံရေးပါတီတွေ ဘက် က တွေ့ခဲ့ရတဲ့ အခြေအနေနဲ့ မဲရုံမှူးတွေဘက်က ရွေးကောက်ပွဲဥပဒေကို သိရှိနားလည်မှုက အတော် လေးကို အားနည်းနေတာကို တွေ့ကြုံခဲ့ရတယ်လို့လည်း မန္တလေးတိုင်း မြင်းခြံမြို့နယ် မဲရုံအမှတ် (၄) မှာ အနီးကပ် စောင့် ကြည့်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးမျိုးဟန် ကလည်း သူ့အတွေ့အကြုံပြောပြခဲ့ပါတယ်။
ဒီကနေ့ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်တင်မြှောက်တဲ့ လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာကတော့ ပြည်သူ့ လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ် လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေး တိုင်းဒေသကြီး မြင်းခြံ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်တွေ ပါဝင်မှာဖြစ်ပါတယ်။
မဆုမွန်/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေရဲ့ အမြင်
Reviewed by THITHTOOLWIN
on
18:46
Rating: