ဆန္ဒပြကန့်ကွက်မှုများကြောင့် မောင်ဇာနည်၏ တိုကျိုသတင်းစာရှင်းလင်းပွဲ မိနစ်၃၀ ဖြင့် ရပ်ဆိုင်းလိုက်ရ


နိရဉ္စရာ၊ အောက်တိုဘာ ၂၅

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Nippon Press Center တွင် ပြုလုပ်သည့် မောင်ဇာနည်၏ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ရောက် မြန်မာပြည်သူများ၏ ၀ိုင်းဝန်းကန့်ကွက်မှုကြောင့် မိနစ် ၃၀ အကြာတွင် ရပ်နားလိုက်ရသည်ဟု သတင်းရရှိသည်။

ရခိုင်ဒီမိုကရက်တစ်ပါတီ Arakan National Democratic Party Japan( ANDP) မှ အထွေထွေ အတွင်းရေးမှူး ကိုဘုန်းမြင့်က “ သူရဲ့ မူလသတင်းစာရှင်းလင်းပွဲက ညနေ ၃ နာရီကနေ ၅ နာရီထိပါ။ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ Nippon Press Center ရှေ့မှာ မြန်မာပြည်သူ ၆၀ ကျော်က ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြတော့ မိနစ် ၃၀ အကြာမှာ ရပ်နားလိုက်ရတယ်။ အဲဒီ ဘင်္ဂလီလော်ဘီ ဇာနည်ဆိုတဲ့သူကလည်း နောက်ဘေးတံခါးပေါက်ကနေ ထွက်ပြေးသွားပါတယ်” ဟု ပြောကြားသည်။

ဆန္ဒပြသူ မြန်မာနိုင်ငံသား ၆၀ ကျော်သည် သစ္စာဖေါက်လူလိမ် ဇာနည် ခုထွက်သွား၊ လူလိမ်ဇာနည် အလိုမရှိ- အလိုမရှိ စသည့် ကြွေးကြော်သံများကို အင်္ဂလိပ်၊ ဂျပန်၊ မြန်မာ သုံးဘာသာဖြင့် ကြွေးကြော်ကာ တရားဥပဒေနှင့် အညီ ငြိမ်းချမ်းစွာဖြင့် တန်ပြန် ကန့်ကွက်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ဟု သိရသည်။


“ သူက ပြည်ပမှာနေပြီး လက်တွေ့မကျတဲ့ ထင်မြင်ချက်တွေ၊ သတင်းအမှားတွေ၊ သူတစ်ယောက်တည်းရဲ့ ပုဂ္ဂိုလိက ခံစားချက်၊ အတွေးအခေါ် အယူအဆတွေနဲ့ လှည့်လည်ပြီး မြန်မာနိုင်ငံ မကောင်းကြောင်းကို ဟောပြောနေတာဟာ တိုင်းပြည်ကို သစ္စာဖောက်ရာရောက်ပါတယ်။ ဒီလို လုပ်ဆောင်နေတာဟာ သူအတွက် အကျိုးရှိချင်ရှိမယ်။ မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ မရှိတဲ့အပြင် ပြဿနာကို ပိုမို ရှုပ်ထွေးအောင်လုပ်နေတာနဲ့ တူနေတဲ့အတွက် ခုလို ဆန္ဒပြကန့်ကွက်ရတာ ဖြစ်ပါတယ်” ဟု ကိုဘုန်းမြင့်က ဆက်လက် ပြောဆိုသည်။

မောင်ဇာနည်၏ ဘင်္ဂလီရိုဟင်ဂျာအရေး ဘက်လိုက်ဟောပြောမှုများကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအား ပိုမိုအထင်မြင်သေးစေပြီး ရှုပ်ထွေးမှုများကိုသာ ဖြစ်ပေါ်စေကြောင်း၊ တရားမျှတသော ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း မောင်ဇာနည်က ရည်ရွယ်ချက်ရှိရှိ အချိန်ကိုက် နှောင့်ယှက်ဖျက်ဆီး လုပ်ဆောင် နေခြင်းဖြစ်သည်ကို ရှင်းလင်းစွာဖေါ်ထုတ်တွေ့ရှိရပါကြောင်း၊ သို့အတွက် ထိုမောင်ဇာနည်နှင့် ပတ်သက်သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ANDP နာယက ဦးဇော်မင်းခိုင် ပြောဆိုသည်။


ယနေ့ ဆန္ဒပြသည့် အဖွဲ့များထဲတွင် ရခိုင်ဒီမိုကရက်တစ်ပါတီ (ဂျပန်)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးကော်မတီ (ဂျပန်)၊ We for All (Japan )နှင့် ဒီမိုကရေစီအဖွဲ့ချုပ် မြန်မာနိုင်ငံ (တိုကျို) အဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ NLD (Jp) ဥက္ကဋ္ဌဟောင်း ဦးသောင်း မြင့်ဦးကလည်း မိမိတို့ မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားအရေးများအား ထိပါးနှောင့်ယှက်ရန်စ ဖျက်ဆီးသူများအား ကာကွယ် တိုက်ဖျက်ရန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံသားတိုင်း၏ မဖြစ်မနေ ထမ်းဆောင်ကြရမည့် သမိုင်းပေး တာဝန်ကြီးတရပ်ဖြစ်သည်ဟု ခံယူသဖြင့် ယခုလို မောင်ဇာနည်ကို ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲကို Nippon Press Center Building ရှိ Japan Reporters Club ရှေ့တွင် မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/
ဆန္ဒပြကန့်ကွက်မှုများကြောင့် မောင်ဇာနည်၏ တိုကျိုသတင်းစာရှင်းလင်းပွဲ မိနစ်၃၀ ဖြင့် ရပ်ဆိုင်းလိုက်ရ ဆန္ဒပြကန့်ကွက်မှုများကြောင့် မောင်ဇာနည်၏ တိုကျိုသတင်းစာရှင်းလင်းပွဲ မိနစ်၃၀ ဖြင့် ရပ်ဆိုင်းလိုက်ရ Reviewed by THITHTOOLWIN on 08:52 Rating: 5
Powered by Blogger.