စင်္ကာပူလုပ်ငန်းရှင်ကို ကန် ပိတ်ဆို့အရေးယူ

Photo: HO / FBI / AFP

စင်္ကာပူ စီးပွားရေးလုပ်ငန်းရှင်တဦးကို မြောက်ကိုရီးယားအစိုးရအတွက် ငွေမဲခဝါချပေးမှုနဲ့ ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက ကြာသပတေးနေ့ မနေ့က ကြေညာခဲ့ပါတယ်။ အဲဒီ Tan Wee Beng တန်ဝီးဘင် ဆိုသူဟာ လောင်စာဆီနဲ့ အထွေထွေပစ္စည်းရောင်းချရေး ကုမ္ပဏီ ၂ ခုကို ပိုင်ဆိုင်ပါတယ်။

အဲဒီကုမ္ပဏီတွေကနေ အမေရိကန်ငွေကြေးစနစ်ကို အသုံးပြုပြီး မြောက်ကိုရီးယားနိုင်ငံအတွက် ငွေမဲတွေကို ငွေဖြူဖြစ်အောင် လုပ်ဆောင်ပေးခဲ့တာဖြစ်ကြောင်းနဲ့ အခုပိတ်ပင်ချက်အရ အမေရိကန်ပြည်ထောင်စုရှိ အဲဒီသူပိုင် ငွေကြေးနဲ့ တခြားပစ္စည်းတွေကို ထုတ်ယူလို့မရအောင် ထိန်းချုပ်လိုက်ပြီး အမေရိကန်ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေအနေနဲ့လည်း သူနဲ့ ဆက်သွယ်လုပ်ကိုင်မှုတွေကို တားမြစ်လိုက်ပါတယ်။ တန်ဝီးဘင် ဟာ စင်္ကာပူ၊ ထိုင်းနဲ့ ဟောင်ကောင်မှာရှိတဲ့ သူ့လုပ်ငန်းတွေကနေ ငွေမဲခဝါချမှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အမေရိကန် တရားရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတဦးက အမေရိကန်ပြည်ထောင်စုအနေနဲ့ သူတို့နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အလျှင်အမြန် ရုပ်သိမ်းဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။ အခုလို ပိတ်ဆို့မှုတွေချမှတ်တာဟာ ၂ နိုင်ငံအကြား ယုံကြည်မှုကို ပျက်ပြားစေကြောင်း၊ ပိတ်ဆို့မှုနဲ့ ဖိအားပေးမှုဆိုတာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေကြောင်း စသဖြင့် သူကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
စင်္ကာပူလုပ်ငန်းရှင်ကို ကန် ပိတ်ဆို့အရေးယူ စင်္ကာပူလုပ်ငန်းရှင်ကို ကန် ပိတ်ဆို့အရေးယူ Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.