တရုတ်နဲ့ ပေါင်းပြီး မူဆယ် - မန္တလေး ရထားလမ်းဖောက်ဖို့ စစ်ဆေး

 မူဆယ်မြို့ဟာ မြန်မာနဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြို့တစ်ခုဖြစ်
မူဆယ် - မန္တလေး ရထားလမ်း ဖြစ်မြောက်နိုင်ခြေကို လေ့လာဖို့အတွက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန နဲ့ တရုတ်နိုင်ငံ CREEC (China Railway Eryuan Engineering Group Co., Ltd.) တို့အကြား အောက်တိုဘာ ၂၂ ရက်နေ့က နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

လက်မှတ်ရေးထိုးပွဲကို တရုတ်သံအမတ်လည်း တက်ရောက်ခဲ့သလို ဒီဘက်ကလည်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါ တက်ရောက်ခဲ့ပါတယ်။

ဒီ မူဆယ် - မန္တလေး မီးရထားလမ်းသစ် စီမံကိန်းဟာ မြန်မာနိုင်ငံ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းကို ဦးစားပေး အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေး စင်္ကြံငါးခုမှာ ပါဝင်ပြီး မြန်မာနဲ့ တရုတ်နိုင်ငံအကြား ကုန်စည်ပို့ဆောင်ရေးမှာ အရေးပါတဲ့ လမ်းကြောင်းတခုဖြစ်လာမှာပါ။

    တဇုန် တလမ်း စီမံကိန်း တရုတ် ရထားလမ်း မြန်မာကို ဖြတ်ပြီး ထိုင်းကို ဝင်မယ်
    တရုတ်ဆောက်မယ့် ရွှေလီတံတား စီမံကိန်း ကန့်ကွက်

'' ကုန်တင်ကားတွေက တစ်နေ့ကို စီးရေ ၁၅၀၀ လောက်သွားတယ်။ ယာဉ်ကြောကျပ်တာပေါ့။ နောက်တစ်ခုက ကားတွေအများကြီးသွားရတော့ မြန်တဲ့လမ်းကသွားလို့ရတာပေါ့။ နောက်တခုက ကျွန်တော် တို့ နိုင်ငံရဲ့ မာစတာပလန် ၊ နှစ် ၃၀ အတွက်ရေးဆွဲထားတာပေါ့။ အဲဒါက ၂၀၁၄ မှာပြီးပါတယ်။ မာစတာပလန်မှာ သုံးသပ်ထားတဲ့ မြောက်ပိုင်းစင်္ကြံ အတွက် မန္တလေး - မူဆယ်က ရထားအတွက် လုပ် တာပေါ့။'' လို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းက ပြောပါတယ်။

ဒီရထားလမ်းဟာ စီးပွားရေးမဟာဗျူဟာအရ အရေးကြီးသလို တရုတ် - မြန်မာ စီးပွားရေးစင်္ကြံလမ်း ( Economice orridor ) ရဲ့ အရေးပါတဲ့ လမ်းတစ်ခုဖြစ်လာမှာပါ။ မူဆယ် - မန္တလေး ကနေ တရုတ် - မြန်မာနယ်စပ် ရွှေလီက တဆင့်မြန်မာနိုင်ငံ မြောက်ပိုင်းက အရေးကြီးတဲ့ မြို့နယ်တွေနဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာတွေကို ဖြတ်သန်း သွားမှာ ဖြစ်ပြီး ရထားလမ်းအရှည်ကတော့ ၄၃၁ ကီလိုမီတာ ရှိမှာဖြစ်ပါတယ်။

    မူဆယ် ကုန်သည်တွေရဲ့ ဘဏ်စာရင်း တရုတ် ပြန်ဖွင့် ပေးတော့မလား
    တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အချက်အချာ ဒေသမှာ တိုက်ပွဲတွေ ဖြစ်လာ

ဒါ့အပြင် အာရှဖြတ်သန်းရထားလမ်းမကြီးကွန်ရက်ရဲ့တောင်ဘက်စင်္ကြံပေါ်မှာရှိတဲ့ အစိတ်အပိုင်းတစ်ခု အထိပါ ရည်မှန်းထားပေမယ့် ဖြစ်မြောက်နိုင်စွမ်းကို လေ့လာနေဆဲဖြစ်တဲ့အတွက် ရလာဒ်ကို မသိသေးလို့ အသေးစိတ်အချက်အလက်တွေကိုတော့မပြောနိုင်သေးဘူး လို့လည်း ဦးအောင်ရဲထွန်းကပြောပါတယ်။

အာရှဖြတ်သန်းလမ်းမကြီးက အိန္ဒိယနိုင်ငံကနေ အရှေ့ဘက်ကို ချိတ်ဆက်ပြီး ဥရောပနဲ့ တောင်ဘက် အင်ဒိုချိုင်းနား ကျွန်းဆွယ်အထိ ဆက်သွယ်ဖို့ ရည်မှန်းထားတာဖြစ်တဲ့အတွက် ဒီလမ်းပိုင်းကို ဖောက်လုပ် နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကုန်စည်တွေကို တခြား နိုင်ငံတွေအထိပါ ကုန်သွယ်ပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
တရုတ်နဲ့ ပေါင်းပြီး မူဆယ် - မန္တလေး ရထားလမ်းဖောက်ဖို့ စစ်ဆေး တရုတ်နဲ့ ပေါင်းပြီး မူဆယ် - မန္တလေး ရထားလမ်းဖောက်ဖို့ စစ်ဆေး Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.