ပြည်ကြီးတံခွန်မြို့နယ်တွင် မီးပုံးပျံ ပြုတ်ကျ၍ နေအိမ်(၈)လုံး မီးလောင်ကျွမ်း၊


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၅၃လမ်းနှင့် ၅၄လမ်းကြား၊ မင်္ဂလာလမ်းနှင့် ရတနာလမ်းကြား၊ ဓဓ-၄၇/၆၁ရှိ ဒေါ်နီနီအောင်၏ နေအိမ်ခေါင်မိုးပေါ်သို့ အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇း၂၀နာရီအချိန်ခန့်က မီးပုံးပျံ ပြုတ်ကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်(၅၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့ရာ ည ၇း၄၅ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်မှုကြောင့် ဒေါ်နီနီအောင်၏ သွပ်မိုး/ပျဉ်ထောင် တစ်ထပ်အိမ်အပါအဝင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်(၈)လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ စုစုပေါင်း တန်ဖိုး ၈၂၀၀၀၀၀/-(ရှစ်ဆယ့်နှစ်သိန်း)ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ စက်မှုနယ်မြေရဲစခန်းမှ (ပ)၅၂၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး မီးပုံးပျံအားပေါ့ဆစွာ အသုံးပြု လွှတ်တင်သူကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


မီးလောင်မှုမှ မီးဘေးသင့်အိမ်ထောင်စု (၈)စု၊ ကျား (၂၂)ဦး၊ မ (၂၈)ဦး၊ စုစုပေါင်း (၅၀)ဦးအား (ဆ)ရပ်ကွက်၊ သီတာဦးဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိရာ မန္တလေးတိုင်းဒေသကြီး သဘာဝဘေး စီမံခန့်ခွဲမှုဦးစီးဌာန အပါအဝင် လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ထောက်ပံ့ငွေများ၊ အိမ်သုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
ပြည်ကြီးတံခွန်မြို့နယ်တွင် မီးပုံးပျံ ပြုတ်ကျ၍ နေအိမ်(၈)လုံး မီးလောင်ကျွမ်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးပုံးပျံ ပြုတ်ကျ၍ နေအိမ်(၈)လုံး မီးလောင်ကျွမ်း၊ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.