မိုင်းနော;ဒါင်း၊ မားနဂါး
အောက်တိုဘာ ၂၄ ရက်၊ နမ္မတူ။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာအုပ်စု ဟိုက်တန်ရွာမှ ၁၃ မိုင်ပြည်ထောင်စုလမ်းမကြီးကို ဆက်သွယ်ထားသည့်လမ်းပိုင်းတွင် မြေမြုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဟိုက်တန်ရွာခံဖြစ်သူ ဒေါ်ခင်အုန်းကြီး ဒဏ်ရာရရှိခဲ့သည်။
မိုင်းပေါက်ကွဲမှုသည် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်း ၁ဝ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
“မိုင်းပေါက်တာ လမ်းအလယ်မှာပဲ။ ဒကာမက ခြေဖနောင့်မှာ ဒဏ်ရာသွားတယ်” ဟု ဟိုက်တန်ရွာ၌ တရားလာဟောနေသည့် ဆရာတော် အရှင်ဥတ္တမက မိန့်ကြားပါသည်။
အဆိုပါမိုင်းသည် အောက်တိုဘာ ၂၃ ရက် ညပိုင်းက ထောင်ထားသည့်မိုင်းဖြစ်ကြောင်း၊ ဒေသခံများ ဒဏ်ရာရရှိရန် ရည်ရွယ်ကာ ထောင်ထားသည့်မိုင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
“မိုင်းကထောင်ထားတာ ကြာပြီဆိုရင် မနေ့ကတည်းက ပေါက်ကွဲရမယ်။ မနေ့က ရွာသူရွာသားတွေ အလှူပစ္စည်းဝယ်ဖို့ အဲလမ်းမှာ အသွားအလာများတယ် ဦးဇင်းတို့လည်းပါတယ်။ ပြီးတော့ လမ်းအလယ်မှာဆိုတော့ ရွာသူရွာသားတွေ ထိခိုက်ဒဏ်ရာရအောင် ထောင်ထားတဲ့မိုင်း ဖြစ်နိုင်တယ်” ဟု အရှင်ဥတ္တမက ဆက်လက်မိန့်ကြားပါသည်။
ဒေါ်ခင်အုန်းကြီးက ဆိုင်ကယ်ဖြင့် ဟိုက်တန်ရွာမှ ဆွေမျိုးများရှိရာ ရေအိုးရွာသို့ သွားကန်တော့ရန်သွားရာမှ လမ်းတွင် မိုင်းတိုက်မိခြင်း ဖြစ်ပါသည်။
၎င်းကို နမ့်ဆန်ဂရုဏာရှင် လူမှုကူညီရေးအသင်းက နမ့်ဆန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
နမ့်ဆန်မြို့နယ်ရှိ ကျေးရွာများတွင် မကြာခဏ မြေမြုပ်မိုင်းများ ပေါက်ကွဲနေပြီး အဆိုပါ မိုင်းပေါက်ကွဲသည့်ဒေသများ၌ တပ်မတော်၊ TNLA နှင့် RCSS တို့ လှုပ်ရှားသည့် နယ်မြေများ ဖြစ်ပါသည်။
ဓာတ်ပုံ- ဦးဥတ္တမ
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
မြေမြုပ်မိုင်းတစ်လုံးပေါက်ကွဲ ဟိုက်တန်ရွာခံတစ်ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
18:42
Rating: