![]() |
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့ ၂၀၁၈၊ ဇွန် ၁၅ ရက်နေ့က တွေ့ဆုံစဉ် / Photo: Myanmar State Counsellor Office - facebook |
မြန်မာနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မယ့် China Myanmar Economic Corridor CMEC တရုတ် မြန်မာ စီးပွားရေး စကြံင်္ ဆောက်လုပ်ရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့ ၉ ရက်နေ့က လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ကုန်းတွင်းပိုင်းမှာ ပိတ်မိနေတဲ့ ယူနန် နဲ့ ဇီချွန်းပြည်နယ် ၂ ခုအပါအဝင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသကနေ အိန္ဒိယသမုဒ္ဒရာကို လမ်းပွင့်သွားမှာဖြစ်တဲ့အတွက် တိုးတက်မှုကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ တရုတ် ပါမောက္ခတစ်ဦးက ပြောပါတယ်။
အဲဒီ CMEC စီးပွားရေးစင်္ကြံလမ်း စီမံကိန်းအရ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မန္တလေးကို ပထမ အဆင့် ဆက်သွယ်မှာဖြစ်ပါတယ်။ အဲဒီနောက် မန္တလေးကနေ ရန်ကုန်ကို ဖြတ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ ခရီးဆုံးမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ငွေကြေးထောက်ပံ့ဖို့အတွက် Industrial and Commercial Bank of China တရုတ်နိုင်ငံ စက်မှုနဲ့ ဝါဏိဇ္ဇ ဘဏ်ရုံးခွဲကို ပြီးခဲ့တဲ့ သြဂုတ်လက ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပြီးပါပြီ။
CMEC စီးပွားရေးစင်္ကြံကြောင့် တရုတ်ပြည်အနေနဲ့ ကုန်သွယ်မှုနဲ့ စွမ်းအင်ရရှိရေးအတွက် အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဆက်သွယ်ပေးတဲ့ မလက်ကာ ရေလက်ကြားအပေါ် မှီခိုနေရမှုလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။ အဲဒီ မလက်ကာ ရေလက်ကြားကို အမေရိကန်ရေတပ်က လွှမ်းမိုးချုပ်ကိုင်ထားတဲ့အတွက် တရုတ်ပြည်ရဲ့ စီးပွားရေး အသက်သွေးကြောကို အန္တရာယ်ပြု ခြိမ်းခြောက်ရာကျနေပါတယ်။
အခု ဖေါက်လုပ်မယ့် CMEC စကြံင်္ဟာ BCIM လို့ အတိုကောက်ခေါ်တဲ့ Bangladesh China India Myanmar ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစင်္ကြံနဲ့ အိန္ဒိယနိုင်ငံ ကာလကတ္တားကနေ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကိုဖြတ်ပြီး တရုတ်နိုင်ငံ ကူမင်း ခေါ် ခွန်းမင်မြို့ကို ဖေါက်မယ့် စီးပွားရေးစင်္ကြံတွေနဲ့လည်း နောက်ပိုင်းမှာ ပေါင်းစပ်သွားနိုင်ပါတယ်။
CMEC ဖေါက်လုပ်ရေးကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာပြည်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ သွားရောက်စဉ်က အဆိုပြုခဲ့တာပါ။ အိန္ဒိယက BCIM ကိစ္စ တုံ့ပြန်ဖို့ လက်နှေးနေလို့ ဖြစ်ပါတယ်။ CMEC အတွက် အခက်အခဲတစ်ခုကတော့ လမ်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စိုးမိုးတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို ဖြတ်သန်းရမယ့် ပြဿနာပါပဲ။ ဒါကြောင့်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး Wei Fenghe ဝေဖန်း တို့ ပြီးခဲ့တဲ့ ဇွန်လက နေပြည်တော်မှာ တွေ့ဆုံခဲ့တာဟာ တကယ်တော့ ဘာမှအံ့သြစရာ မဟုတ်ပါဘူးလို့ အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာက ရေးပါတယ်။
RFA Burmese
https://www.rfa.org
ရိုဟင်ဂျာ ပဋိပက္ခကြောင့် မြန်မာ နဲ့ တရုတ် ပိုမို ခိုင်မြဲသွား
Reviewed by THITHTOOLWIN
on
10:08
Rating:
![ရိုဟင်ဂျာ ပဋိပက္ခကြောင့် မြန်မာ နဲ့ တရုတ် ပိုမို ခိုင်မြဲသွား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg7t9DlmHjmc4giGlPib2nCF6Fz28WBZO9_5Nlu1y_VC4rjJPF56op3NKyNnkPKHUdqb-KIvXWjmWpWFu1tvQ2SobD4HH8punAqMa9AsRo-SJ0fUm_yhxJGT2PEgMfAgqBtR6HYx5UGiY/s72-c/1.jpg)