ဘားအံ စက်တင်ဘာ ၁၆
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှ အကျဉ်းသား ၄ဝ ကျော် ယနေ့ နံနက်ပိုင်းက ထွက်ပြေးသွားခဲ့ကြောင်းနှင့် ပိတ်ဆို့ ရှာဖွေမှုကြောင့် ဦးဆောင်ထွက်ပြေးသူအပါအဝင် ၁၃ ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စုစုပေါင်း ၄၁ ဦးထွက်ပြေး
ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်က အကျဉ်းထောင် ဓမ္မာရုံ အနီး စိုက်ခင်းအတွင်း အကျဉ်းသား များဖြင့် ရှင်းလင်းစုပုံထားသော အမှိုက် များကို အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် ကျော်ဝင်းစိန် မောင်းနှင် သည့် 7N/9847 ၊ Mazda Titan အပြာရောင်ယာဉ်ဖြင့် တင်ဆောင် ၍ သွားရောက်စွန့်ပစ်ရန်အတွက် ယာဉ်အား ထွက်ခွာမည့်အချိန်တွင် ကျော်မိန်လ (ခ)အရှောင်(ခ)ကျော်ဖ ကုလား (ခ)မိန်လှ (၃၃)နှစ် (အကျဉ်း သား ထောင်ဝင်အမှတ် ဖအ/၁၅/ ဝဝ၃၃ဝ/ က )က ယာဉ်မောင်းကို ဆွဲချထိုးကြိတ်ကာ ယာဉ်ကိုမောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းယာဉ် ဖြင့် ထောင်တံခါး လေးဆင့်ကို တိုက် ဖွင့်ပြီး ဘားအံ-လှိုင်းဘွဲလမ်းအတိုင်း လှိုင်းဘွဲမြို့နယ်အတွင်းသို့ မောင်းနှင် ထွက်ပြေးသွားရာ အဆိုပါယာဉ်ပေါ်နှင့် ယာဉ်နောက်တို့မှ အကျဉ်းသားများ လိုက်ပါသွားသဖြင့် စုစုပေါင်း ၄၁ ဦး မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။
ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေ
အခင်းဖြစ်နေရာသို့ နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးချုပ် မြင့်ကျော်ထွန်းနှင့် ဗိုလ်မှူးကြီး ရန်နောင်စိုးတို့ ဦးဆောင် သော တပ်မတော်သားများ၊ ကရင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင် မြတ်မိုးနှင့် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့ မှူးတို့ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာန(ဘားအံ) ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် အကျဉ်းထောင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးသန်းတို့ ဦးဆောင်သည့် အကျဉ်းထောင်ဝန်ထမ်း များ ပူးပေါင်းကာ အကျဉ်းထောင် လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက် လိုက်လံ ရှာဖွေပိတ်ဆို့ခြင်း၊ ကရင်ပြည်နယ် အတွင်းမှ လမ်းတံတားများတွင် လုံခြုံ ရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် များ၊ နယ်မြေခံရဲစခန်းများမှ ရဲတပ်ဖွဲ့ ဝင်များက နယ်မြေခံတပ်မတော်သား များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်တွေ့ရှိ
မွန်းလွဲပိုင်းတွင် မောင်းနှင် ထွက်ပြေးသွားသည့်ယာဉ်ကို လှိုင်းဘွဲ မြို့နယ် ရွာသာအေးရွာနှင့် သပုထို ရွာကြား ဆည်မြောင်းတာပေါင်လမ်း တွင် ဗွက်နစ်လျက် ပြန်လည်တွေ့ရှိ သဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးကို ပိတ်ဆို့ဖမ်းဆီး ရမိရေး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ချိတ်ဆက်ဆောင် ရွက်လျက်ရှိသည်။
အကျဉ်းသား ၄၁ ဦးအနက် ၁၃ ဦးကို ဖမ်းဆီးရမိ
အဆိုပါ ထွက်ပြေးလွတ်မြောက် သွားသူများအား ဖမ်းဆီးရမိရေး ပိတ်ဆို့ ဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရဲအုပ်လှဟန် ဦးစီးအဖွဲ့က ဝတုတ်(ခ)စည်သူကျော်၊ စောကျော်ပိ၊ ရဲနောင်ဖြိုး(ခ)သဲမောင်တို့ သုံးဦးကို ဘားအံမြို့နယ် မိဇံကျေးရွာဇရပ်တွင် လည်းကောင်း၊ ညနေ ၄ နာရီတွင် ရဲတပ်ကြပ် အောင်မျိုးသူနှင့်အဖွဲ့က စောထူး (ခ)ဗီလားကို ဘားအံမြို့ မဲဘောင်ဈေးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင်လည်းကောင်း၊ ရဲမှူးကြီး တင်ဦး ဦးစီးအဖွဲ့က ညနေ ၄ နာရီ ၄ဝ မိနစ်တွင် ထွန်းထွန်းသန်း (ခ)ကိုနေ ကို လည်းကောင်း၊ ညနေ ၄ နာရီ မိနစ် ၅ဝ အချိန်တွင် ဝဏ္ဏ(ခ) ဖြိုးတေဇ ကို ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာ တွင်လည်းကောင်း၊ ညနေ ၅ နာရီတွင် ရဲအုပ်သန်းဇော်မြင့် ဦးစီးအဖွဲ့က ဝင်းအောင် (ခ)မိုးဒီကို ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာတွင် လည်းကောင်း၊ ညနေ ၅ နာရီ ၅ မိနစ်တွင် ရဲမှူးကြီး တင်ဦး ဦးစီးအဖွဲ့က ပြည်ဟိန်းကို ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာ တွင် လည်းကောင်း၊ ညနေ ၆နာရီ မိနစ် ၂ဝ တွင် ရဲအုပ်ကြည်တိုး ဦးစီး အဖွဲ့က အောင်ဝင်းနှင့် ထွန်းထွန်းဦး တို့နှစ်ဦးကို ဘားအံမြို့နယ် တဝန်ဖန်ရ လယ်ကွင်းထဲ၌ လည်းကောင်း၊ ညနေ ၆ နာရီ မိနစ် ၅ဝ တွင် နယ်မြေခံ တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က ပြည့်ဖြိုးအောင်၊ ကျော်မြင့်၊ ကျော်မိန်လ (ခ) အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှတို့ သုံးဦးကို ရေဘုတ်ဆည် တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ရာ ထွက်ပြေး လွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးအနက် ၁၃ ဦးကို ဖမ်းဆီးရမိသဖြင့် ဘားအံ အကျဉ်း ထောင်သို့ စနစ်တကျ လွှဲပြောင်းပေးအပ် ထားကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘားအံအကျဉ်းထောင်မှ ဦးဆောင်ထွက်ပြေးသူ အပါအဝင် ၁၃ ဦး ပြန်လည်ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
10:56
Rating:
![ဘားအံအကျဉ်းထောင်မှ ဦးဆောင်ထွက်ပြေးသူ အပါအဝင် ၁၃ ဦး ပြန်လည်ဖမ်းဆီးရမိ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Y5rgbKTjhpx9vkzcmdbsKekC7vj2Jmp2_pj7LQns-CwjuLG4o_lqpmaQu9HYbTkwEbLb-isp1f9Yql_CkBXjd2pmhRYN_fe9Wgij7o1hS_jCvp5QjC34CdY1JN3vpfdnIrrs7_nkM2I/s72-c/8.jpg)