Photo By SHAN / မိုင်းပန်မြို့အလှ မြင်ကွင်း |
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ ၀မ်မိုက်ပုတ်တွင်စခန်းချသည့် (ကွန်ဟိန်း-တာ့ကော့) ခလရ ၂၉၆ တပ်မှ တပ်သား ၂ ဦးမှာ စက်တင်ဘာလ ၂၀ ရက်နေ့က ပျောက်ဆုံးနေရာ ၄င်းမှာ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြီး ရွာသား ၆ ဦးအား အား စက်တင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီး လိုက်ခြင်းဖြစ်သည်။
၎င်းရွာသားများသည် နားမွန်၊ ဟွေစွဲ ၊ တုံစု ဘက်မှ ရွာသားများဖြစ်ကြပြီး လယ်ယာဆင်းသည့် ရွာသား များဖြစ်ကြကြောင်း အဖမ်းခံရသူနှင့်အမျိုးတော်စပ်သူတဦးကပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA က မူ အဆိုပါစစ်သား ၂ ဦးအား မိမိတို့ဘက်မှ ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း၊ ၄င်းတို့ ၂ ဦးနှင့်ပတ်သက်ပြီးတော့လည်း မသိရကြောင်း၊ ဒေသတွင်းသတင်းအရ ၄င်းတို့သည် တပ်မှထွက်ပြေးကြခြင်းဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆိုသည်။
“အစိုးရတပ်ရဲ့ ပျောက်ဆုံးနေတဲ့တပ်သား ၂ ဦးကိုကျနော်တို့မဖမ်းဆီးရဘူး။ ဒါကြောင့် အပြစ်မရှိ တဲ့ရွာသားတွေကို အဲလိုဖမ်းဆီးတာမျိုးထပ်မဖြစ်သင့်ဘူး။ ဒါပေမယ့် မနေ့ညက ပြန်လွှတ်ပေးပြီလို့ကြားသိရပါတယ်။ ”- ဟု တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီးစိုင်းဦး က ပြောသည်။
အစိုးရတပ်မှဖမ်းဆီးသွားသောရွာသား ၆ ဦးအား နောင်လေရွာတွင်ထိန်းသိမ်းစစ်ဆေးမေးမြန်းခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်ညပိုင်းမှသာ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
မိုင်းပန်မြို့နယ်တွင် အမှတ် ၁၇ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် အခြေစိုက်သည့်မြို့ဖြစ်သည့်အပြင် ခြေမြန် တပ်ရင်း (ခမရ) အမှတ် ၃၃၂၊ အမှတ် ၅၇၇၊ အမှတ် ၅၉၈ တို့ အခြေစိုက်သည့်အပြင် ကွန်ဟိန်းမြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၉၄ ကလည်း အလှည့်ကျ ၀င်ရောက် အခြေချလှုပ်ရှား လျက်ရှိသည်။
သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
http://burmese.shannews.org
အစိုးရစစ်သား ၂ ဦးပျောက်ဆုံးရာမှ ဒေသခံသျှမ်းရွာသား ၆ ဦးအား ၄ ရက်ကြာထိန်းသိမ်း
Reviewed by THITHTOOLWIN
on
21:15
Rating: