တရားသူကြီး အဖြစ် အဆိုပြုခံထားရသူ ဟာ စော်ကားခဲ့လို့ အမျိုးသမီး တဦး စွပ်စွဲ

ခရစ္စတင်း ဘလက်စီ ဖို့ဒ် ဆိုသူ အမျိုးသမီး က ဝါရှင်တန် ပို့စ် သတင်းစာ ကြီး ထံ ကို ပြောကြား ခဲ့
အမေရိကန် တရားရုံးချုပ် တရားသူကြီး အဖြစ် သမ္မတ အဆိုပြုထားတဲ့ ဘရက် ကာဗန်နော့ဗ် ဟာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု တွေ လုပ်ခဲ့ကြောင်း အမျိုးသမီး တယောက် က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

မစ္စတာ ကာဗန်နော့ဗ် အနေနဲ့ ဆယ်ကျော်သက် အရွယ်မှာ သူ့ကို အိပ်ယာ ထဲ ဆွဲလှဲ ပြီး အဝတ် အစားတွေကို ချွတ်ဖို့ ကြိုးစား ခဲ့ကြောင်း ခရစ္စတင်း ဘလက်စီ ဖို့ဒ် ဆိုသူ အမျိုးသမီး က ဝါရှင်တန် ပို့စ် သတင်းစာ ကြီး ထံ ကို ပြောကြား ခဲ့တာပါ။

ပြီးခဲ့တဲ့ တပတ် ထဲ ကထွက် ပေါ်ခဲ့တဲ့ စွပ်စွဲ ပြောကြားမှုတွေကိုတော့ မစ္စတာ ကာဗန်နော့ဗ် က ငြင်းဆို ထားပါတယ်။ ဒါပေမယ့် အထက်လွှတ်တော် က စစ်ဆေးရေး ကော်မတီ အနေနဲ့ မစ္စတာ ကာဇန်နော့ဗ် ကိုရော မစ္စ ဖို့ဒ် ကိုပါ မေးမြန်း ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

ဆီးနိတ် ကော်မတီ အနေနဲ့ တရားရုံးချုပ် တရားသူကြီး အဖြစ် ခန့်အပ်မယ့်သူ ရဲ့ နောက်ကြောင်း ရာဇဝင် စစ်ဆေးမှု အတွက် နှစ်ဘက် စလုံး ကို မေးမြန်း ဖို့ ဆောင်ရွက် နေတဲ့ အကြောင်း အထက် လွှတ်တော် အမတ် ချက် ဂရက်စလေ က ဆိုပါတယ်။

တရားရုံးချုပ် တရားသူကြီး အဖြစ် သမ္မတ ဒေါ်နယ် ထရမ့် က အဆိုပြု ထားတဲ့ အသက် ၅၃ နှစ် အရွယ် မစ္စတာ ကာဗန်နော့ဗ် ကို ဆီးနိတ် ကော်မတီ က ၄ ရက်ကြာ မေးမြန်း မှုတွေက လည်း ပြီးဆုံး သွားခဲ့ပါပြီ။
ဒီမိုကရက်တစ် ပါတီ ဝါရင့် အထက် လွှတ်တော် အမတ် ဒိုင်ယန်း ဖိုင်စတိန်း က တိုင်ကြားမှုတွေ စစ်ဆေး
စက်တင်ဘာလ ၂၀ ရက်နေ့ လာမယ့် ကြာသပတေး နေ့ မှာ သူ့ ကို တရားသူကြီး အဖြစ် ခန့်အပ် မလား ဆိုတာ ကို အထက် လွှတ်တော်မှာ မဲပေး ရွေးချယ် ဖို့ အတွက် အခု စစ်ဆေးရေး ကော်မတီ က မဲပေး ဆုံးဖြတ် ကြဖို့လည်း ရှိပါတယ်။

ဒါပေမယ့် အဲဒီ မဲပေး ရွေးချယ်မှုကို ဆက်လက် လုပ်ဆောင်မယ် ဆိုရင်တော့ အမေရိကန် အမျိုးသမီး တဦး ကို စော်ကား လိုက်သလိုပဲဆိုပြီးတော့ ဒီမိုကရက်တစ် အထက် လွှတ်တော် အမတ် ချက် ရှူးမား က မှတ်ချက် ပေးထားပါတယ်။

ဒီလိုမျိုး အမျိုးသမီး တဦးအပေါ်မှာ ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့မှု အတွက် အလုံးစုံ စစ်ဆေး ဆောင်ရွက် မပြီးမချင်း မဲပေးမှု ကို ရွှေ့ဆိုင်း ထားသင့်တယ်လို့လည်း သူက ဆိုပါတယ်။

တရားရုံးချုပ် တရားသူကြီး အဖြစ် ခန့်အပ် ဖို့ အတွက် အဆိုပြု ခဲ့ထားရသူ ကို စွပ်စွဲ ပြောကြား ခဲ့သူ မစ္စ ဖို့ဒ် ဟာ ပါလို အော်တို တက္ကသိုလ် ရဲ့ စိတ်ပညာဌာန ပါမောက္ခ တဦးလည်း ဖြစ်ပါတယ်။ မစ္စတာ ကာဗန်နော့ဗ် အသက် ၁၇ နှစ် အရွယ် နဲ့ သူ ၁၅ နှစ် အရွယ်မှာ စော်ကားဖို့ ကြိုးပမ်းမှု ဖြစ်ပွား ခဲ့တာ လို့ ယုံကြည် ကြောင်း သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
တရားသူကြီး အဖြစ် အဆိုပြုခံထားရသူ ဟာ စော်ကားခဲ့လို့ အမျိုးသမီး တဦး စွပ်စွဲ တရားသူကြီး အဖြစ် အဆိုပြုခံထားရသူ ဟာ စော်ကားခဲ့လို့ အမျိုးသမီး တဦး စွပ်စွဲ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.