နန်းမိုဟွမ် လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံတွေ ဆန္ဒပြ |
ဒေသခံတွေက "TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ကို - ချက်ချင်းလွှတ်၊ မတရားဆက်ကြေးကောက်ခြင်း အား- ချက်ချင်းရပ်၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး - ဒို့အရေး၊ တရားဥပဒေ စိုးမိုးရေး - ဒို့အရေး " စတဲ့ ဗီနိုင်းစာသားတွေကို ကိုင်ဆောင်ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။
"အခုလို ဆန္ဒပြတာဟာ TNLA နဲ့ ပိုပြီးတင်းမာအောင် ဆန္ဒပြတာ မဟုတ်ဘဲ သူတို့ဘက်က မနန်းမိုဟွမ်ကို အမြန်ဆုံး ပြန်လွှတ်ဖို့ ဆန္ဒပြကြတာ။ ဒီဖြစ်ရပ်က TNLA က အပြစ်မဲ့ပြည်သူကို ဖမ်းဆီးသွားတာဆိုတော့ အမြန်ဆုံး ပြန်လွှတ် ပေးစေချင်ပါတယ်။
နောင်နောက် ဘယ်လက်နက်ကိုင်မဆို အပြစ်မဲ့ပြည်သူကို ဖမ်းဆီးတာမျိုး မဖြစ်စေချင်ဘူး။ ဘယ် တိုင်းရင်းသား လက်နက်ကိုင်မဆို ပြည်သူ့ရဲ့ အသက်အိုးအိမ်ကို စောင့်ရှောက်တာ လိုချင်ပါတယ် " လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ နမ့်ခမ်းမြို့ လူငယ်များအဖွဲ့ဝင် ကိုစိုင်းသိန်းရွှေက ဘီဘီစီကို ပြောပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲကို SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ နမ့်ခမ်းမြို့ အခြေစိုက် လူမှု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ လူငယ်အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဒေသခံတွေကပါဝင် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ကိုစိုင်းသိန်းရွှေက ပြောပါတယ်။
နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ နမ့်ခမ်းဒေသခံတွေက ခုလို ဆန္ဒပြတောင်းဆိုတာက ဒုတိယအကြိမ် ဖြစ်ပြီး စက်တင်ဘာ ၇ ရက်ကလည်း သူရဲ့ မိသားစုဝင်တွေက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြ ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ဟိုနောင်ရပ်ကွက်မှာ နေထိုင်တဲ့ ကုန်စုံဆိုင်ပိုင်ရှင် နန်းမိုဟွမ်ကို ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က TNLA က ဖမ်းဆီးသွားခဲ့တာပါ။
နန်းမိုဟွမ်ဟာ TNLA ရဲ့ ဥပဒေ စည်းမျဉ်းကို ချိုးဖောက်လို့ ဥပဒေအရ အရေးယူဖို့ TNLA ဗဟိုတရားရုံးကို အမှုဖွင့် တိုင်ကြားထားတယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နန်းမိုဟွမ် လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံတွေ ဆန္ဒပြ |
နမ်းမိုဟွမ်ကို TNLA အဖွဲ့က ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လွှတ်ပေးဖို့ NRPC အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက TNLA ကို စက်တင်ဘာ ၁ဝ ရက်က တောင်းဆိုခဲ့ပါတယ်။
အဲဒီလို ဖမ်းဆီးထားတာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေပြီး တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်တဲ့ ကိစ္စဖြစ်တယ်လို့ NRPC က ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
နန်းမိုဟွမ် လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံ တသောင်းကျော် ဆန္ဒပြ
Reviewed by THITHTOOLWIN
on
21:25
Rating: