မိုးကောင်း - စက်တင်ဘာ ၁၇
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ၌ စက်တင်ဘာ၁၇ရက် နံနက်၉နာရီခန့်က မူးယစ်ဆေးဝါးသတင်းအရ မသင်္ကာသူတစ်ဦးအား ရှာဖွေစစ်ဆေးရာမှ အစစ်ဆေးမခံပဲ ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ထိုးပြီးထွက်ပြေးသဖြင့် သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးစဉ် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆားမှော်နယ်မြေရဲကင်းစခန်းမှ ရဲကင်းမှူး ဒုတိယရဲအုပ်ထက်ဝေအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဆားမှော်ကျေးရွာ၊ဆွတ်ငိုင်ရပ်ကွက်အတွင်းရှိ ကျေးရွာလမ်းပေါ်တွင် မသင်္ကာသူ အသက်(၃၀)နှစ်ခန့် လူငယ်တစ်ဦး(အမည်နှင့် နေရပ်လိပ်စာမသိ)အား ရှာဖွေစစ်ဆေးရာ ၎င်းမှရှာဖွေစစ်ဆေးခြင်းမခံပဲ ရဲတပ်သား စည်သူအောင်နှင့် ရဲတပ်သားအောင်ရဲကျော်တို့နှစ်ဦးအား အရိုး၊အသွား ၁၁ လက်မခန့်ရှိ စတီးဓါးဦးချွန်ဖြင့် ထိုးပြီးထွက်ပြေးခဲ့သဖြင့် သေနတ်ဖြင့်တစ်ချက် ပစ်ခတ်ဖမ်းဆီးခဲရာမှ ရရှိသည့်သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ စီးနင်းခဲ့သည့် SUMBO-125 မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ဘိန်းဖြူအမှုန့် ၀ ဒသမ ၀၁ ဂရမ်ခန့်ပါ ပလပ်စတစ်ဗူးငယ် သုံးဗူးအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် ရဲတပ်သား စည်သူအောင်နှင့် ရဲတပ်သားအောင်ရဲကျော်တို့တွင် ဒဏ်ရာများရရှိကာ ဆားမှော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိပြီး သေဆုံးသူအား မည်သူမည်ဝါဖြစ်ကြောင်းသိရှိနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် မြို့မရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်း ရေးဖွင့်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)
https://www.facebook.com/mogaungnews.media
မူးယစ်သတင်းအရ ရှာဖွေရာမှ ဓားဖြင့်ထိုးပြီး ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး
Reviewed by THITHTOOLWIN
on
22:13
Rating:
