တရုတ် ထိန်းချုပ်ထားတဲ့ တောင်တရုတ်ပင်လယ်ပြင် Scarborough ကျွန်းအနီးမှာ အမေရိကန် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ Photo: AFP |
တရုတ်က ထိန်းချုပ်ထားတဲ့ Scarborough စကာဘရာ ရေပေါ်ကျွန်းအနီးမှာ ဂျပန်ရဲ့ ကူရိုရှီရို ရေငုတ်သင်္ဘောနဲ့ တိုက်ခိုက်ရေး စစ်သင်္ဘောတွေ ပူးပေါင်းလေ့ကျင့်ခဲ့တာလို့ အဆာဟိရှင်ဘွန်း သတင်းစာက ရေးသားဖော်ပြပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကုန်သင်္ဘောတွေ အသွားအလာများတဲ့ ရေပိုင်နက်ကို တရုတ်အစိုးရက သူပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့အတွက် ဒေသတွင်းက ဘရူနိုင်း၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ ဗီယက်နမ်နိုင်ငံတွေနဲ့ အငြင်းပွားနေတာပါ။ အဲဒီ စကာဘရာ ရေပေါ်ကျွန်းကို ၂ဝ၁၂ ခုနှစ်မှာ ဖိလစ်ပိုင်လက်ထဲကနေ တရုတ်က သိမ်းယူလိုက်တာ ဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာ ဥပဒေအရ အားလုံးနဲ့သက်ဆိုင်တဲ့ ရေပိုင်နက်အတွင်းမှာ ပြုလုပ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဂျပန်အစိုးရ အရာရှိတဦးကို ကိုးကားပြီး သတင်းစာက ဖော်ပြပါတယ်။
ဂျပန်ရေငုတ်သင်္ဘောဟာ စစ်ရေးလေ့ကျင့်မှုပြီးစီးသွားရင် ဗီယက်နမ်နိုင်ငံ ကမ်ရန်းဆိပ်ကမ်းကို ဆိုက်ကပ်ပြီး ဂျပန်နဲ့ဗီယက်နမ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြသမယ်လို့ ဆိုပါတယ်။
လောလောဆယ်တော့ အဆာဟိရှင်ဘွန်းသတင်းစာရဲ့ ဖော်ပြချက်နဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မရသေးဘူးလို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
တောင်တရုတ်ပင်လယ်မှာ ဂျပန်က ပထမဆုံးအကြိမ် ရေအောက်စစ်ရေးလေ့ကျင့်
Reviewed by THITHTOOLWIN
on
21:38
Rating: