ရခိုင်လူငယ် ၅ ဦး လဝက ဥပဒေနဲ့ အရေးယူ

ချင်းပြည်နယ် တီးတိန်
ချင်းပြည်နယ် တီးတိန်ရဲစခန်းမှာ အဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်လူငယ် ငါးဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အရေးယူမယ်လို့ ချင်းပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။

ဖမ်းခံထားတဲ့ လူတွေထဲ လေးယောက်က အိန္ဒိယနိုင်ငံသား မှတ်ပုံတင်တွေကိုင်ထားတယ် ။ တယောက်က မှတ်ပုံတင်အတု ကိုင်ထားတယ်။ အိန္ဒိယဘက်မှာ အလုပ်လုပ်လားဆိုတာကို အိန္ဒိယနိုင်ငံနဲ့ ချိတ်ဆက်ပြီး မေးမြန်းသွားဖို့ လုပ်နေတယ်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ပဲ အရေးယူမှာပါ လို့ ချင်းပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးက ပြောပါတယ်။

အခု ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသား လူငယ်ငါးဦးဟာ ရန်ကုန်ကနေ ကလေးမြို့ ၊ ကလေးမြို့က တဆင့် ရိဒ်နယ်စပ်ဂိတ်ကိုဖြတ်ကျော်ပြီး ဗုဒ္ဓဂါယာ ကို သွားမှာဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း တီးတိန်မြို့နယ် ရဲစခန်းက စခန်းမှူးက ဘီဘီစီကို ပြောပါတယ်။

ရခိုင်လူငယ် ငါးဦးအနက် လေးဦးဟာ မြန်မာနိုင်ငံသား မှတ်ပုံတင်နဲ့ အိန္ဒိယ နိုင်ငံသား မှတ်ပုံတင်နှစ်ခုစလုံး ကိုင်ဆောင်ထားပြီး မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နှစ်နိုင်ငံသား ခံယူခွင့်မရှိတာကြောင့် အခုလို လဝက ဥပဒေနဲ့ ငြိစွန်းတာဖြစ်တယ်လို့ စခန်းမှူးက ဆိုပါတယ်။

ရခိုင်လူငယ်တွေကို ဖမ်းဆီးခါစက ရခိုင်တပ်မတော် (AA) နဲ့ပတ်သက်မှု ရှိတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ရခိုင်တပ်မတော် (AA) နဲ့ ချိတ်ဆက်မှု ရှိမရှိ ဆိုတာကတော့ စစ်ဆေးဆဲ ကာလဖြစ်ပြီး တီးတိန်ရဲစခန်းမှာပဲ ဖမ်းဆီးထားတာဖြစ်ပါတယ်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံကြား နယ်စပ်ဝင်ထွက်ဂိတ် နှစ်ခုဖြစ်တဲ့ တမူး- မိုးရေး ဂိတ်နဲ့ ရိခေါဒါရ်-ဇိုခေါသာ ဂိတ်တို့ကို နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံကို လာပြီး လည်ပတ်ချင်သူတွေ အနေနဲ့ E visa (အွန်လိုင်းက လျှောက်ထားရတဲ့ဗီဇာ) နဲ့ လျှောက်ထားပြီး ဝင်ရောက်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးက ကြေညာချက် ထုတ်ထားပါတယ်။

အခုတလော နယ်စပ်တွေမှာ လက်နက် ရွှေနဲ့ ဘိန်း စတာတွေ မကြာခဏဖမ်းမိတာတွေကြောင့် ချင်းပြည်နယ်ရဲ့ လုံခြုံရေးကို အထူး ဂရုပြု ကြပ်မတ်နေရတယ်လို့ ချင်းပြည်နယ် အစိုးရဘက်က ပြောခဲ့ပါတယ်။

နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် သတ်မှတ်လိုက်တဲ့ တမူး- မိုးရေး ဂိတ်ဟာ စစ်ကိုင်းတိုင်းထဲမှာ တည်ရှိပြီး တမူးကနေတဆင့် ကလေးမြို့ကို သွားရပြီး ကလေးမြို့ကနေတဆင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို သွားရောက် လည်ပတ်နိုင်ပါတယ်။

ရိခေါဒါရ်-ဇိုခေါသာ နယ်စပ်ဂိတ်ကတော့ ချင်းပြည်နယ်ထဲမှာ တည်ရှိပြီး ထန်တလန်မြို့နဲ့ ဆက်သွယ်ထားတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ရခိုင်လူငယ် ၅ ဦး လဝက ဥပဒေနဲ့ အရေးယူ ရခိုင်လူငယ် ၅ ဦး လဝက ဥပဒေနဲ့ အရေးယူ Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.