မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း ဖြစ်ပေါ်နေသောရေမြှပ်များသည် မြို့တွင်း အိမ်သုံးစွန့်ပစ်ရေ(Domestic waste water)နှင့် မိုးရေ(storm water)များကို စက်များဖြင့် စုပ်ထုတ်စွန့်ပစ်ရာတွင် ရေသွားလမ်း ရေစီးဆင်းနှုန်းအရှိန်ကြောင့် ဖြစ်ပေါ်လာသော အမြှုပ်များဖြစ်ပြီး အများပြည်သူအတွက် အန္တရာယ်မဖြစ်နိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မရမ်းခြံ ဆိပ်ကမ်းအနီး ဧရာဝတီမြစ်အတွင်းသို့ စတင်စွန့်ထုတ်သည့်ရက်များက မြစ်ရေမြင့်တက်နေချိန်တွင် အရှိန်မပါသည့်အတွက် အမြှုပ်များစွာ မဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ မြစ်ရေ ကျဆင်းနေ၍လည်းကောင်း - လှေဆိပ်ရှိစက်လှေများမှ ရေသွားလမ်းကိုပိတ်ထားသည့်အတွက်လည်းကောင်း အလွယ်တကူမစီးဆင်းနိုင်ပဲ အမြှုပ်များစုပုံ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မိုးများစွာ ရွာသွန်းသည့်ကာလများတွင် မန္တလေးမြို့၏ အနိမ့်ပိုင်း ရပ်ကွက်များ၌ ရေဝင်နစ်မြုပ်မှု မဖြစ်ပေါ်စေရေးအတွက် (၂၆)လမ်းနှင့်သင်္ဂဇာချောင်း ဆုံရာတွင် တစ်နာရီလျှင် ရေဂါလန် တစ်သန်း စွန့်ထုတ်နိုင်သည့် ရေဆိုးထုတ်စက်ရုံအား တည်ဆောက်ကာ (၂၀၁၃)ခုနှစ်မှစ၍ မိုးတွင်းကာလများတွင် မောင်းနှင်စွန့်ထုတ်ပေးလျှက်ရှိပြီး ယခုနှစ်တွင်လည်း (၄.၉.၂၀၁၈)ရက်နေ့ ရွာသွန်းသည့်မိုးကြောင့် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နစ်မြုပ်နေ၍လည်းကောင်း မကြာမီကာလတွင် စူပါတိုင်ဖွန်းမုန်တိုင်း၏နောက်ဆက်တွဲ မိုးရွာသွန်းနိုင်သည့်အတွက်လည်းကောင်း ကြိုတင်ကာကွယ်သည့် အနေဖြင့် သင်္ဂဇာချောင်းရေကို (၂၄)နာရီ မောင်းနှင်စွန့်ထုတ်လျက်ရှိသည်။
သာမန်အားဖြင့် မြို့တွင်း အိမ်သုံးစွန့်ပစ်ရေ(Domestic waste water)နှင့် မိုးရေ(storm water)များကို စက်များဖြင့်စုတ်ထုတ်စွန့်ပစ်ရာတွင် ရေသွားလမ်း ရေစီးဆင်းနှုန်း အရှိန်ကြောင့် အမြှုပ်များ ဖြစ်ပေါ်လေ့ရှိကာ ယင်းကဲ့သို့ဖြစ်ပေါ်မှုများသည်ရေဆိုးထုတ်စက်ရုံများဖြစ်သည့် အမရပူရမြို့နယ် ရွှေခဲ ရေဆိုးထုတ်စက်ရုံနှင့် ပြည်ကြီးတံခွန်မြို့နယ် ဇောင်းကလော ရေဆိုးထုတ်စက်ရုံတို့မှ ရေဆိုးစွန့်ထုတ်ရာတွင် ပုံမှန် ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
သင်္ဂဇာချောင်းရေကို မိုးများစွာ ရွာသည့်အခါများတွင်သာ မိုးရေနှင့်ရောနှောပြီးမှစွန့်ထုတ်ခြင်းဖြစ်ပြီး ဧရာဝတီမြစ်ရေနှင့်ပေါင်းစပ်သွားသည့်အခါတွင် BOD ပြင်းအား လျော့ကျသွားပြီး အများပြည်သူအတွက် အန္တရာယ်မရှိနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မန်းကိုကို
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း ဖြစ်ပေါ်နေသောရေမြှပ်များ အန္တရာယ်မဖြစ်နိုင်
Reviewed by THITHTOOLWIN
on
10:14
Rating:
![မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း ဖြစ်ပေါ်နေသောရေမြှပ်များ အန္တရာယ်မဖြစ်နိုင်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXTXznPELe8QexNcRNfH5vjIjVp9N0Nnu1cyUs85lX4lVZ61-PtxdEbIBFN0GKINt_EFY37F0e6Al6fgxa3k2hsVRsm85yKF9BTJMwQC5_E5xQtW5krL0css8-lJa9oCH5xP1KZ95u-c8/s72-c/2.jpg)