မန္တလေး အိုးဘို အကျဉ်းထောင်က ၃ ဦးနဲ့ အင်းစိန် အကျဉ်းထောင်က ၂ ဦးတို့ |
သြဂုတ်လ ၁၇ ရက်နေ့က သမ္မတ အမိန့်နဲ့ ပြန်လွတ်ခဲ့တဲ့ မန္တလေး အိုးဘို အကျဉ်းထောင်က ၃ ဦးနဲ့ အင်းစိန် အကျဉ်းထောင်က ၂ ဦးတို့ဟာ ၂၀၁၇ - ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချိန်မှာ ပြစ်ဒဏ် တနှစ်ကျော် ကျန်နေသေးသူ တွေလည်း ဖြစ်ပါတယ်။
တခြား တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်သူ ၂၈ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေးတာတွေ ရှိခဲ့ပြီး ရိုးရိုးအောင်မြင်သူနဲ့ တသာသာ ဂုဏ်ထူးရသူတွေကို ပြစ်ဒဏ် လေးပုံ တပုံ လျှော့ချပေးတာ ဖြစ်သလို တဘာသာဂုဏ်ထူးနဲ့ အထက် ရသူတွေကို ပြစ်ဒဏ် တဝက် လျှော့ပေးတာ ဖြစ်တယ်လို့ မန္တလေး အိုးဘိုထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
အိုးဘိုထောင်က အခုလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူ ၃ ဦး အပြင် တဘာသာ အထက် ဂုဏ်ထူးရသူ ၇ ဦးကို ပြစ်ဒဏ် တဝက် လျှော့ပေးခဲ့ပြီး စာမေးပွဲ အောင်သူ နဲ့ တဘာသာ ဂုဏ်ထူး ထွက်သူ စုစုပေါင်း ၁၁ ယောက်ကိုတော့ ပြစ်ဒဏ် လေးပုံ တပုံ လျှော့ပေးခဲ့တယ်လို့ ဦးချိုဝင်းထွန်းက ပြောပါတယ်။
ထောင်တွင်းက တခြား အကျဉ်းကျခံနေရသူတွေလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချင်ရင် ထောင်တွင်း အကျဉ်းကျ ဆရာများနဲ့ ပြင်ပ ကျောင်းဆရာများက သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
၂၀၁၈ တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး မသင်းမြနွေးနဲ့ အမေး-အဖြေ
၂၀၁၇ - ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင် ၈ ခုက အကျဉ်းသား တရာကျော် ဖြေဆိုခဲ့ရာမှာ ၄၇ ယောက် အောင်မြင်ခဲ့ပြီး အဲဒီ အထဲက ၂၈ ဦးကတော့ ဂုဏ်ထူးနဲ့ အောင်တာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာန နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
အခုလို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ပြစ်ဒဏ်ကျန်နေသေးတဲ့ ကျောင်းသားတွေ အနေနဲ့ အဝေးသင် တက္ကသိုလ် လျှောက်ထားနိုင်ပြီး ထောင်နဲ့ အနီးနားက တက္ကသိုလ်တွေနဲ့ ညှိနှိုင်းပြီး ဆရာ၊ ဆရာမတွေ လာရောက် သင်ကြားပေးဖို့အထိ အစီအစဉ်ရှိတယ်လို့လည်း ဦးချိုဝင်းထွန်းက ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
ထောင်တွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအလိုက် ပြစ်ဒဏ်လျှော့ပေးနေ
Reviewed by THITHTOOLWIN
on
10:04
Rating: