ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဒီကနေ့စနေနေ့ မနက်အစောပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့က ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ ဇနီး Nane နဲ့ သားသမီးတွေဖြစ်ကြတဲ့ Ama, Kojo နဲ့ Nina တို့လည်း အနားမှာ ရှိနေခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ Kofi Annan ဟာ ၁၉၃၈ ခုနှစ်မှာ Ghana နိုင်ငံမှာ မွေးဖွါးခဲ့ပြီး ၁၉၉၇ ခုနှစ် ကနေ ၂၀၀၆ ခုနှစ် အထိ ကုလသမဂ္ဂရဲ့ ၇ ယောက်မြောက် အတွင်းရေး မှူး ချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူပါ။ သူဟာ ၂၀၀၁ ခုနှစ် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်း ဖြစ်ပြီး သူ့ရဲ့ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး ဆောင်ရွက်မှုတွေကြောင့် ကမ္ဘာက လေးစားသူဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်အပြီးမှာ Mr. Annan ဟာ Kofin Annan Foundation ဥက္ကဋ္ဌအဖြစ်နဲ့ရော တောင်အာဖရိကသမ္မတဟောင်း Nelson Mandela တည်ထောင်တဲ့ The Elders အဖွဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ပါ သေးတယ်။

Kofi Annan အခုလိုဆုံးပါးသွားရတာကြောင့် လေးစားဖွယ်ကောင်းတဲ့ အမြော်အမြင်ရှိသူတဦး ဆုံးရှုံးရတာဖြစ်တယ်လို့ ကုလလက်အောက်ခံ IOM နိုင်ငံတကာရွှေ့ပြောင်း အခြေချနေထိုင်သူများ ဆိုင်ရာအဖွဲ့ ကပြောပါတယ်။ Mr. Annan ဟာ ၂၀၁၆ စက်တင်ဘာလမှာ ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်ဦးရွက်ပြုသူလည်းဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန် Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.