တောင်ကျရေများ စီးဆင်းလာသောကြောင့် သုဝဏ္ဏဝတီမြို့တွင် ကားလမ်းရေကျော်မှု ဖြစ်ပွား


သထုံ သြဂုတ် ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းပြီး တောင်ကျရေများ စီးဆင်း လာသောကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် ရေကျော်ကာ ယာဉ်သွားလာမှုများ အခက်အခဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကျရေများ ရုတ်တရက်စီးဆင်းလာသောကြောင့် ကျိုက္ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၁နှင့် ၁၃၉/၄ အကြား ၄ ဖာလုံခန့်တွင် ရေအမြင့် ၂ ပေခန့် မြင့်တက်လာရာ ယာဉ်များ ဖြတ်သန်းသွားလာရန် ခက်ခဲမှု ဖြစ်ပွားခဲ့သောကြောင့် တာဝန်ရှိသူများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရေး ကူညီဆောင်ရွက်ပေးခဲ့ ကြသည်။

"ဒီနေ့မနက် ၄ နာရီလောက်က စပြီး ရေကကားလမ်းပေါ် တက်လာတာ။ ခုတော့ ပြန်ပြီးကျနေပါပြီ ရပ်ကွက်ထဲက လူနေအိမ် အချို့လည်း ရေဝင်ရောက်တာ ရှိပါတယ်။ အန္တရာယ်ဖြစ်လောက်တဲ့ အထိတော့ မရှိဘူး"ဟု ကားလမ်းရေကျော်ရာတွင် လာရောက် ကူညီနေသည့် လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကားလမ်းရေကျော်ရာသို့ သထုံမြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သုဝဏ္ဏဝတီမြို့ရှိ လူမှုကူညီရေး အဖွဲ့များတို့က ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရေးနှင့် ခရီးသွားပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တောင်ကျရေများ စီးဆင်းလာသောကြောင့် သုဝဏ္ဏဝတီမြို့တွင် ကားလမ်းရေကျော်မှု ဖြစ်ပွား တောင်ကျရေများ စီးဆင်းလာသောကြောင့် သုဝဏ္ဏဝတီမြို့တွင် ကားလမ်းရေကျော်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.