ထိုင်း ကလေးတွေ စိတ်ဓါတ်မကျ ရေး အထူးဉီးစားပေး

ကယ်ထုတ် မသွားနိုင်မချင်း ကလေးတွေဘေးမှာ အနည်းဆုံး နှစ်ယောက် အတူ ရှိပေးနေမယ်
ထိုင်း နိုင်ငံက ဂူထဲမှာ ကလေး တွေ နဲ့ သူတို့ ရဲ့ နည်းပြတို့ ပိတ်မိနေခဲ့တာ ဇွန်လ ၂၃ ရက် နေ့ ကတည်း ဆိုတော့ စုစုပေါင်း ၁၃ ရက် ရှိသွားပါပြီ။

လက်ရှိ အချိန် အထိ ကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောင်ရွက် နေရာမှာ ဂူထဲ က ရေတွေကို စုပ်ထုတ် နေရဆဲ ဖြစ်ပြီးတော့ အဲဒီ လုပ်ငန်း အခြေအနေ တိုးတက် ကောင်းမွန်တယ်လို့ ချင်းရိုင် ခရိုင် အုပ်ချုပ်ရေးမှူး က နာရုန်ဆက် အိုဆော့ သနက်ခွန် က ဇူလိုင် ၅ ရက်နေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြော ပါတယ်။

ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဂူထဲ က ရေတွေကို ဆက်လက် စုပ် ထုတ် နေပေမယ့် ရေတွေကလည်း ဆက်လက် ဝင်ရောက် နေဆဲပါ။ ကလေး တွေ ရှိတဲ့ နေရာ နဲ့ ရေမျက်နှာပြင် အနေအထား ကိုလည်း တွက်ချက် နေပြီး တောင်ကို ဖောက်ပြီး ကယ်ထုတ် နိုင်ဖို့ လေ့လာ မှုတွေကို လည်း လူ နှစ်ဆယ်၊ သုံးဆယ် လောက်ပါတဲ့ အဖွဲ့က လုပ်ဆောင် နေပါတယ် လို့ လည်း သူက ဆိုပါတယ်။ ။
ကယ်ထုတ် မသွားနိုင်မချင်း ကလေးတွေဘေးမှာ အနည်းဆုံး နှစ်ယောက် အတူ ရှိပေးနေမယ်
ချင်းရိုင် ခရိုင် အုပ်ချုပ်ရေးမှူး က ကယ်ဆယ်ရေး အတွက် တခြား နည်းလမ်း တွေ စဉ်းစား နေတယ် ဆိုပေမယ့် လို့ ဒီရက်ပိုင်းအတွင်းမှာ မုတ်သုံ မိုး သည်းသည်းမဲမဲ ရွာပြီး ဂူထဲ က ကလေးတွေ လက်ရှိ ရောက်နေတဲ့ နေရာ နား အထိ ရေတွေ ရောက်လာ မှာကိုလည်း စိုးရိမ် နေရပါတယ်။

အဲဒီ အတွက် ကလေးတွေကို ရေကူး၊ ရေငုပ် အမြန် သင်ပေးပြီး ကျွမ်းကျင်တဲ့ ရေငုပ်သမား နှစ်ယောက် က ကလေး တစ်ယောက် ကို ခြံရံပြီး ခေါ်ထုတ် လာဖို့ နည်းလမ်း ကိုလည်း တာဝန် ရှိသူတွေ အနေနဲ့ စဉ်းစား နေတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ဒါက အန္တရာယ်များတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်တာကြောင့် မတတ် သာတဲ့ အဆုံးမှ ဒီနည်းလမ်း ကို အသုံးပြုသင့် တယ်ဆိုတဲ့ အကြံပြုချက် တွေလည်း ရှိပါတယ်။
ဂူဖောက်လုပ် ကယ်တင်ရေး ကိုလည်း နည်းလမ်းရှာ စဉ်းစားနေ
ကလေးတွေ ရှိရာ ဂူ ထဲ ကို ရောက်ဖို့ ကျွမ်းကျင်တဲ့ ရေငုပ်သမား တစ်ဦး ကို အသုံးပြုရင်တောင် ခြောက်နာရီ အနည်းဆုံး ကြာတယ်လို့ ကယ်ဆယ်ရေး လုပ်နေတဲ့ စစ်တပ် ဗိုလ်ချုပ် ချာလွန်ချိုင်း ချိုင်ယာကွန် က ပြောပါတယ်။
 ရေငုပ် ခေါ်ယူရေး ကလည်း နည်းလမ်း တသွယ်
ဂူ အတွင်း က အခြေအနေ ကို သတင်း ပေးပို့ နိုင်ဖို့ အတွက် ထိုင်း တော်ဝင် ရေတပ် က ရေငုပ်သမား ဟာ ၁၁ နာရီ ကြာအောင် သွားရပါတယ်။ ကလေးတွေဆီကို ရောက်ဖို့ ၆ နာရီ ကြာပြီး၊ အပြင် ကို ပြန်ရောက်ဖို့ က ၅ နာရီ ကြာ အချိန်ယူကြောင်း ဗိုလ်ချုပ် ချာလွန်ချိုင်း ချိုင်ယာကွန် က ပြောပါတယ်။

ဒီအခြေအနေ ကို ကြည့်မယ် ဆိုရင် ကလေးတွေကို ရေငုပ် ခိုင်းပြီး ခေါ်ထုတ် နိုင်ဖို့ က မလွယ်ကူတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါတယ်။ ဂူ ကို အပေါက်ဖောက်ပြီး ကလေးတွေကို သယ်ထုတ် ဖို့ ဆိုတာ ကလည်း ဂူ နံရံတွေ ပြိုကျမယ့် အန္တရာယ် အပြင် ဂူဖောက် လုပ်ရေး လုပ်ငန်း စဉ် က လည်း အချိန် ယူနိုင်တာမို့ ဘယ်လို ကယ်ထုတ် မလဲ ဆိုတာက တာဝန် ရှိသူ တွေကို ခေါင်းခဲ စေပါတယ်။

အခုလောလောဆယ်မှာတော့ ဂူ အတွင်းမှာ စိုစွတ်မှုတွေ များပြီး လူတွေရဲ့ ကိုယ့်ခန္ဓာ အပူချိန် ကျဆင်းကာ ရောဂါ ဘယ ဝင်မလာရေး နဲ့ ဂူထဲမှာ ပိတ်မိနေတာ ရက် အတန် ကြာနေပြီ ဖြစ်တဲ့ ကလေးတွေ နဲ့ နည်းပြ တို့ စိတ်ဓါတ် မကျ ဆင်းရေး ကို အဓိက ထား ကြိုးပမ်း နေရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထိုင်း ကလေးတွေ စိတ်ဓါတ်မကျ ရေး အထူးဉီးစားပေး ထိုင်း ကလေးတွေ စိတ်ဓါတ်မကျ ရေး အထူးဉီးစားပေး Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.