![]() |
ဒဂုံမြို့သစ်(အရှေ့)မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန် သူကို အမှုဖွင့်အရေးယူ |
ဖြစ်စဉ်မှာ ၁၄.၇.၂၀၁၈ ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီအချိန်တွင် ဒဂုံမြို့ သစ်(အရှေ့)မြို့နယ်၊ ကြာနီကန်ကျေးရွာ၊ ရေအိုးစင်လမ်းနေ သောင်းအေး၊ (၄၃)နှစ်သည် ရဲစခန်းသို့ရောက်ရှိလာပြီး ၎င်းသည် ၁၁.၇.၂၀၁၈ ရက်နေ့ ည ၂၃း၃၀ နာရီအချိန်တွင် နေအိမ်နှင့်ဘေးချင်းကပ်လျက်ရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးနှင့် သီလရှင် (၂)ပါးတို့အား အရိုး အသွား (၂)ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ပြောပြ အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
ဒဂုံမြို့ သစ်(အရှေ) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်း၏အနောက်ဘက် သီလရှင်များနေထိုင်ရာ အဆောက်အအုံရှေ့အပေါက်တွင် ဦးစန္နောဘာသအား ပက်လက်အနေအထားဖြင့် ယာလက်ဖ၀ါးပြတ်ရှဒဏ်ရာ၊
လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ပြတ်ရှ ဒဏ်ရာ၊ ယာပုခုံးပြတ်ရှ ဒဏ်ရာလည်းကောင်း၊ ကျောင်းပေါ်တွင် မအဲပိုင် (ဘွဲ့အမည်မသိ)တွင် မျက်နှာပြတ်ရှဒဏ်ရာ၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ချောင်းများပြတ်ရှ ဒဏ်ရာများဖြင့်လည်းကောင်း၊ ကျောင်း၏ ခေါင်းရင်ဘက်တွင် ဒေါ်ပညာသင်္ဂီအား ဦးခေါင်းဝဲဘက်ပြတ်ရှ ဒဏ်ရာ၊ ၀ဲလက်ချောင်းများပြတ်ရှဒဏ်ရာမျာ ဖြင့်လည်းကောင်း သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ရပါ သည်။
အမှုမှ ပြစ်မှုကျူးလွန်သူ သောင်းအေးအား စစ်ဆေးရာ ၎င်းတို့မိသားစု လက်ရှိနေထိုင်သည့်နေရာအား ပြောင်းရွှေ့စေရန် နည်းမျိုးစုံဖြင့် သေဆုံးသူများမှ ဆောင်ရွက်ခဲ့သောကြောင့် ၎င်းမှ မကျေနပ်၍ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံဓားကိုလည်း အကျယ် ၄၀ ပေ၊ အနက် ၂၀ ပေခန့်ရှိ ကျူချောင်းအတွင်းသို့ လွင့်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဓားအား သိမ်းဆည်းရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ရေငုံ့သမားများ အသုံးပြုကာ ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆရာတော်နှင့် သီလရှင် (၂)ပါးတို့အား သေဆုံးအောင်ပြုလုပ်သူ သောင်းအေးကို ဒဂုံမြို့သစ်(အရှေ့) မြို့မရဲစခန်း(ပ)၈၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ဆရာတော်တစ်ပါးနှင့် သီလရှင် (၂)ပါးကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်သူ အဖမ်းခံ
Reviewed by THITHTOOLWIN
on
20:36
Rating:
![ဆရာတော်တစ်ပါးနှင့် သီလရှင် (၂)ပါးကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်သူ အဖမ်းခံ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp_vz8Tu_pgj-Rznu3ONsgtaA23uw1iP54rsD2JX_jkFrrAG9lnk4p3zo2MAHroA5RfKUGops-JGxe49bqxPdW53q9ZQRI2ayiEJ8uOMGzQR36pgPUDvun2B_V_HeHJrdUCLuTUEGCBBc/s72-c/4.jpg)