မြဝတီမြို့ မဲပလဲ့ချောင်းရေလျှံတက်ခဲ့ပြီး ချောင်းအနီး ကျေးရွာ ၃ ရွာမှ အိမ်ခြေ ၃ဝဝ ခန့် ရေနစ်မြုပ်မှု ဖြစ်ပွား
မြဝတီ ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြဝတီမြို့နှင့် ၁၄ မိုင်အကွာရှိ မဲပလဲ့ချောင်းမှာ ဇူလိုင် ၂၁ ရက်နေ့ ည ၇ နာရီ အချိန်တွင် တောင်ကျ ရေများ တဟုန်ထိုး စီးဆင်းမှုကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်သို့ ဆက်သွယ် ထားသော အရှည်ပေ(၂ဝဝ)ခန့်ရှိ မဲပလဲ့ ချောင်းတံတားမှာ ရေများလျှံ တက်ခဲ့ပြီး အနီးရှိ မဲပလဲ့ကျေးရွာ အုပ်စုနှင့် 'ကော့ကော်' ကျေးရွာ၊ 'ထီးဝါပလော' ကျေးရွာတို့ မှ အိမ်ခြေ ၃ဝဝ ခန့်ရေနစ်မြုတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ နေအိမ်များ နစ်မြုပ်ခဲ့ရာ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ အရာကြီးများနှင့် အရာရှိ စစ်သည်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် အဖွဲ့အစည်း အသီးသီးမှ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ ကယ်ဆယ်ပေးခဲ့ကြသည်။
"မဲပလဲ့ချောင်း တံတားက မြဝတီနဲ့ ရွှေကုက္ကိုလ်မြို့သစ်ကို ဆက်သွယ်ပေး ထားခြင်း ဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းခဲ့လို့ ကော့ကော်တံတား၊ ထီးဝါပလောတံတားနဲ့ မဲပလဲ့တံတားတို့ ရေမြုတ်ခဲ့သလို အိမ်ခြေ ၃ဝဝ နီးပါး ရေနစ်မြုတ်ခဲ့တယ်။ မြဝတီက တာဝန်ရှိသူ တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အားခြင်း ရောက်လာကြပြီး စက်လှေတွေနဲ့ ရေထဲမှာ ပိတ်မိပြီး မထွက်နိုင်တဲ့ လူပေါင်း ၆ဝ ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်၊ အခုရေဘေးသင့် ပြည်သူတွေ(၃ဝဝ)ကျော်ကို မဲပလဲ အလယ်တန်းကျောင်းမှာ နေရာချ ထားပေးပါတယ်"ဟု မဲပလဲ့ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါ မဲပလဲချောင်းရေကြီးရေလျှံဖြစ်ခဲ့မှုကြောင့် မြဝတီနှင့်ရွှေကုက္ကိုလ်မြို့သစ်တို့ ဆက်သွယ်သွားလာရေး ပြတ်တောက် လျက်ရှိနေပြီး ကော့ကော်ကျေးရွာ၊ ထီးဝါပလောကျေးရွာ၊ စပလိုက်ကျေးရွာ၊ ထီးချားရားကျေးရွာနှင့် အခြားကျေးရွာပေါင်း ၆ ရွာခန့်မှာ ကားလမ်းများရေ ကျော် နေသဖြင့် စက်လှေများဖြင့် သွားလာနေကြရသော်လည်း သက်လှေ လုံလောက်မှု နည်းပါးသဖြင့် ကုက္ကိုလ်သွားမည့်ခရီးသွားပြည်သူ ၁ဝဝ ခန့်မှာ မဲပလဲ့ ကျေးရွာတွင် ခေတ္တ ခိုလှုံလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြဝတီမြို့ မဲပလဲ့ချောင်းရေလျှံတက်ခဲ့ပြီး ချောင်းအနီး ကျေးရွာ ၃ ရွာမှ အိမ်ခြေ ၃ဝဝ ခန့် ရေနစ်မြုပ်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:56
Rating:
![မြဝတီမြို့ မဲပလဲ့ချောင်းရေလျှံတက်ခဲ့ပြီး ချောင်းအနီး ကျေးရွာ ၃ ရွာမှ အိမ်ခြေ ၃ဝဝ ခန့် ရေနစ်မြုပ်မှု ဖြစ်ပွား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1hrVGfHUSM2YQhtt9mUDtwnvb2ck7J8X2sPi19G09uCCYa7KxAJgDos6qjHsDm4xZUSosWWXjWk6A83gwbVEKDsNWBr-FcZQG70iMbllL7Xf-dGlcXieMcFC8rxJ28ztKlA314A80J5A/s72-c/11.jpg)