နေပြည်တော် ၁၂ ဇူလိုင်
၂၀၁၈ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရာ မြန်မာ ယူ-၁၉ အသင်းက ထိုင်း ယူ-၁၉ အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားသည်။
အာဆီယံ ယူ-၁၉ ပြိုင်ပွဲ (အချို့နှစ်များတွင် ယူ-၁၈ နှင့် ယူ-၂၀ ပြိုင်ပွဲအဖြစ် ကျင်းပ) ခေတ်ဦးကာလတွင် အောင်မြင်မှုများ ဆက်တိုက်ရခဲ့သည့် မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်တွင် ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်ပြီး ၁၃ နှစ်အကြာတွင် ပြန်လည်တက်ရောက်ခွင့်ရခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုတွင် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရန် ရုန်းကန်ခဲ့ရသော်လည်း နာမည်ကြီး လက်ရှိချန်ပီယံ ထိုင်းအသင်းကို အနိုင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်း၏ ပွဲထွက်လူစာရင်းတွင် ၀င်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ ပြည့်စုံနိုင်တို့ဖြင့် လူစုံခဲ့ပြီး ထိုင်းအသင်းမှာလည်း အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် မလေးရှားနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲထက် ကစားပုံပိုကောင်းခဲ့ပြီး ပထမပိုင်းတွင် ထိုင်းအသင်းကို ခြေရည်တူကစားနိုင်ခဲ့သည်။
ပထမပိုင်းတွင် မြန်မာအသင်းက ဂိုးသွင်းခွင့်ပိုရခဲ့ပြီး အသုံးမချနိုင်ခဲ့၍သာ ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းက ကစားကွက် အပြောင်းအလဲလုပ်ခဲ့ပြီး မြန်မာအသင်းဘက်သို့ ဖိကစားနိုင်ခဲ့သည်။ ထိုင်းအသင်း သွင်းယူသည့် ဂိုးသွင်းခွင့်များကို မြန်မာဂိုးသမား ဇင်ညီညီအောင် ကာကွယ်နိုင်ခဲ့သလို အချို့ကန်သွင်းမှုများမှာလည်း တိုင်ထိ၊ ဘားထိထွက်ခဲ့သောကြောင့် မြန်မာအသင်း သက်သာရာရခဲ့သည်။ မြန်မာအသင်းသည် ၈၇ မိနစ်တွင် အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ၀င်းနိုင်ထွန်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။
ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် မလေးရှားနှင့် အိမ်ရှင်အင်ဒိုနီးရှားအသင်း ယှဉ်ပြိုင်ကစားခဲ့ပြီး မလေးရှားအသင်းက ပယ်နယ်တီအဆုံးအဖြတ် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲကို ဇူလိုင် ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် မလေးရှားအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း- ရဲရင့်ရှိုင်း
ဓာတ်ပုံ- MFF
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မြန်မာ ယူ-၁၉ အသင်း နာမည်ကြီးထိုင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်
Reviewed by THITHTOOLWIN
on
11:25
Rating: