ဇူလိုင် ၂၁ ရက်၊ နမ္မတူ။
နမ္မတူမြို့နယ် နားပုံရွာဟောင်းအနီးတွင် ဇူလိုင်လ ၁၆ ရက်၌ SSPP၊ TNLA နှင့် RCSS တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နမ္မတူမြို့နယ် မန်လီကျေးရွာသို့ တိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၆၅၃ ဦးသည် ဇူလိုင် ၂ဝ၊ ၂၁ ရက်၌ နေရပ်သို့ အသီးသီးပြန်သွားပြီဖြစ်သည်။
မန်လီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဇူလိုင် ၁၆ ရက်၌ ရောက်ရှိနေသည့် ပန်လုံ၊ နမ့်ဆီလင်း၊ မန်ကျန်း၊ မန်ခယ်နှင့် မန်ဆာကျေးရွာမှ အိမ်ထောင်စု ၁၆၁ စုနှင့် လူဦးရေ ၆၅၃ ဦးသည် ကျေးရွာအတွင်း တိုက်ပွဲများ လုံးဝငြိမ်သက်သွား ခြင်း မဟုတ်သေးဘဲ မိမိသဘောဆန္ဒအရ နေရပ်သို့ပြန်သွားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင် ကြီးကြပ်ကူညီရေးကော်မတီ/ ပြန်ကြားရေးတာဝန်ခံ ဦးမိုင်းငယ်လေးက ပြောသည်။
"ရွာဘက်မှာက တစ်ကယ်အခြေအနေ ကောင်းမကောင်း ကျနော်တို့ မသိဘူး။ အိမ်ကို အရမ်းလွမ်းလို့ ကြောက် ကြောက်နဲ့ပြန်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ တစ်ယောက်ယောက်က ခြိမ်းခြောက်လို့ ပြန်တာတော့ မဟုတ်ဘူး" ဟု ၎င်းက ဆိုသည်။
ဇူလိုင် ၁၆ ရက်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကျေးရွာဒေသခံများသည် သီပေါမြို့ ရတနာရွှေဂူကျောင်း၊ မိုးတေ ရွာ ဘုန်းကြီးကျောင်းနှင့် နမ္မတူမြို့နယ် မန်လီရွာ၊ မန်စံရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။
နမ့်ဆီလင်းရွာသူကြီး ဦးအိုက်ထွမ်းက "ရွာသွားတွေကတော့ မနေ့(ဇူလိုင် ၂ဝ ရက်) ညနေ ၂ နာရီလောက်မှာ အကုန် ပြန်လာကြတယ်။ အခုက ငြိမ်သွားပြီဆိုလဲ မဟုတ်ဘူး။ ခဏဆို တစ်မျိုးကြားလိုက် ခဏဆိုတစ်မျိုးကြားလိုက်နဲ့ သ တင်းတွေက ကြားနေရတုန်းဘဲ" ဟု ဇူလိုင် ၂၁ ရက်တွင် ပြောသည်။
ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီအချိန်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ပ လောင်လက်နက်ကိုင် (TNLA) ပူးပေါင်းဦးဆောင်သော မြောက်ပိုင်းစစ်ရေးမဟာမိတ်တပ်ဖွဲ့မှ အင်အား ၂၀ဝ ကျော် သည် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းအား ရည်ရွယ်ချက်ရှိရှိ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တပ်များ မိုင်းမု ကျေးရွာအုပ်စု ဝမ်ပုံ၊ ဝမ်ကောင်နှင့် မိုင်းမုကျေးရွာကြားတွင် တိုက်ပွဲ ၁ နာရီကျော်ကြာ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီ ၄၀ အချိန်တွင် ပစ်ခတ်သံများ ရပ်စဲသွားကြောင်း RCSS ၏ သတင်းဌာနဖြစ်သည့် Tai Freedom Facebook Page မှလည်း သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာနှင့် ဟမ်းငိုင်းကျေးရွာအုပ်စုအကြားတွင် ဇူလိုင်လ ၈ ရက်မှ ဇူလိုင် ၁၂ ရက်အထိ တပ်မတော်နှင့်တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ကြောင့် နားလေ၊ နားအွတ်၊ ဖိုခဲ၊ နောင်တောင်း၊ ဖါကနှင့်ကုန်းညောင်ကျေးရွာဒေသခံ ၁ ထောင်နီးပါးသည်လည်း ဟမ်း ငိုင်းဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေကြရသည်။
RCSS/SSA တပ်ဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး တပ်မတော်နှင့် တိုက်ပွဲအများဆုံး ဖြစ်ပွားနေသည့် အဖွဲ့ဖြစ် သည်။
Photo- Shar Htat Paing's Facebook
မိုင်းရူကော၊ မားနဂါး
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
မန်လီရွာရှိ စစ်ဘေးရှောင် ၆ဝဝ ကျော် နေရပ်ပြန်
Reviewed by THITHTOOLWIN
on
21:22
Rating:
![မန်လီရွာရှိ စစ်ဘေးရှောင် ၆ဝဝ ကျော် နေရပ်ပြန်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4xUsVzdLjuvFS9MHZkCWoGj6q-g-LqU5HFAA0FpyaAeD76Ghc393yLIsS-F3nip3T-gyD9Oq4UDcesiHajzqEPIM2pokF00mfnWhts3kKdywFie4I4NJtwPTEiRy_vXHVGLuqpBcGcbg/s72-c/3.jpg)