ဇူလိုင် ၁ရက်နေ့က ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ လယ်သမားတွေ |
ဇူလိုင် ၁ရက်နေ့က သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ ကော့မူးမြို့နယ်ကနေ ရန်ကုန်မြို့တော် ခမ်းမအထိ ခရီးရှည်လမ်းလျှောက်ဆန္ဒပြရာမှာ ဖြတ်သန်းသွားလာခဲ့တဲ့ ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ကမ်းနားလမ်း နယ်မြေကို ခွင့်ပြုချက်မတင်လို့ဆိုပြီး ဒေါ်စုစုနွေးနဲ့ အပေါင်းပါ ၂ ဦးကို ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှုးက ပုဒ်မ ၁၉ နဲ့ အမှုဖွင့်တာလို့ ဒေါ်စုစုနွေးက ပြောပါတယ်။
ဒီလို တရားစွဲဆိုတာဟာ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့အပြင် လူ့အခွင့်ရေး ချိုးဖောက်ရာ ရောက်လို့ဆိုပြီး လယ်သမားတွေဘက်က ဆိပ်ကမ်းမြို့နယ်ရဲစခန်းမှုးကို ပုဒ်မ ၅၀၀ နဲ့ အမှုပြန်လည် ဖွင့်ထားပါတယ်။
ဆန္ဒပြရာမှာ သူသာ ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပြီး အမှုဖွင့်ခံရတဲ့အပေါင်းပါ ၂ ဦးဟာ ဆန္ဒပြရာမှာ ပါဝင်တဲ့သူတွေ မဟုတ်ကြဘဲ လာရောက်ဟောပြောပေးကြတဲ့ ဧည့်သည်တွေသာဖြစ်တယ်လို့ သူက ပြောပါတယ်။ ခုလို မှားယွင်းအမှုဖွင့်ခံရတာဟာ ဂုဏ်သိက္ခာကျဆင်းစေတာကြောင့် ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှုးကို ကော့မှုးရဲစခန်းမှာ ပုဒ်မ ၅၀၀ နဲ့ အမှုပြန်လည်ဖွင့်ခဲ့ရာမှာ ရဲစခန်းက လက်ခံပေးတယ်လို့ သိရပါတယ်။
ကော့မှုး၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒလမြို့နယ်တွေက သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ပြသာနာတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စာပေးပို့တင်ပြခဲ့ရာမှာ အကြောင်းမပြန်လို့ နစ်နာသူတောင်သူတွေနဲ့အတူ ခရီးရှည်လမ်းလျှောက် ဆန္ဒပြခဲ့ရာမှ ခုလိုအမှုဖွင့်ခံရတာလို့ ဒေါ်စုစုနွေးက ပြောပါတယ်။
ချီတက်ဆန္ဒပြရာမှာလည်း ဖြတ်သန်းခဲ့တဲ့ မြို့နယ်တိုင်းကို စာတင်ခဲ့ပြီး ခွင့်ပြုမိန့်ရခဲ့တယ်လို့လည်း သူက ပြောပါတယ်။
လယ်သမားအများစုဟာ ရုံးဌာနတွေနဲ့ ဝင်ထွက်သွားလာမှု အလှမ်းဝေးကွာပြီး အကြောက်တရားလည်း ကြီးစိုးကြတဲ့ သူတွေဖြစ် လို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သိမ်းဆည်းခံ လယ်ယာမြေပြသနာတွေမှာ အမှန်တရားပေါ်ပေါက်ဖို့ ကူညီ ဆောင်ရွက်ပေးတဲ့သူတွေကို အခုလိုအကြောင်းရှာအမှုဖွင့်တာက ခြိမ်းခြောက်တာလည်း ဖြစ်စေတယ်လို့ ဒေါ်စုစုနွေးက ပြောဆိုခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
သိမ်းဆည်းလယ်မြေပြန်ရဖို့ ဆန္ဒပြသူတွေ တရားစွဲခံရ
Reviewed by THITHTOOLWIN
on
18:47
Rating: