ရှင်းရှင်းကြာဇံစက်ရုံ အလုပ်သမားတွေ ဆန္ဒပြမှု မပြေလည်သေး

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မှာရှိတဲ့ ရှင်းရှင်းကြာဇံစက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်/ ဓါတ်ပုံ - အောင်လှိုင်ထွန်း
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မှာ အနည်းဆုံးလုပ်ခလစာနှုန်းထားအသစ် သတ်မှတ် ပြီးနောက်ပိုင်း သီးခြားခံစားခွင့်တွေ အပြည့်အဝမရလို့ဆိုပြီး တစ်လနီးပါးကြာ ဆန္ဒပြနေတဲ့ ရှင်းရှင်းကြာဇံစက်ရုံက အလုပ်သမားတစ်ရာကျော်ဟာ အလုပ်ရှင်နဲ့ ပြေလည်မှုမရရှိသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ရှင် ကိုယ်စားလှယ်ကနေတဆင့် ညှိနှိုင်းနေရလို့ အချိန်ကြန့်ကြာနေတာလို့ ရှင်းရှင်းကြာဇံစက်ရုံက ဆန္ဒပြအလုပ်သမား ကိုအောင်လှိုင်ထွန်းက ပြောပါတယ်။

"ဆန္ဒပြတာ မနက်ဖြန်ဆိုရင် ၁ လပြည့်ပီ၊  ဇွန်လ ၈ ရက်နေ့ကနေ စပြတာ၊ အခုမနက်ဖြန်ဆို ၁ လပြည့်ပြီ၊ လုပ်ငန်းရှင်ကိုယ်တိုင်ကတော့ လာမညှိနှိုင်းဘူး၊ လုပ်ငန်းရှင် ကိုယ်စားလှယ်  အထွေထွေမန်နေဂျာကနေ မန်နေဂျာအဆင့်လောက်ပဲလာတာ၊ ကျနော်တို့နဲ့ လာဆွေးနွေးရာမှာပါတဲ့၊ ရာထူးအဆင့်လူတွေက သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ ပြောတယ်၊ ကျနော်တို့ တောင်းဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့"

အဲဒီစက်ရုံမှာ အလုပ်သမား ၃ဝဝ ကျော်ရှိတဲ့အထဲက အလုပ်သမား ၁၁၇ ယောက်က ဇွန်လ ၇ ရက်နေ့ကတည်းက စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေထဲမှာ ရက်မှန်ကြေး၊ ထောက်ပံ့ကြေး၊ ကျွမ်းကျင်ကြေး၊ လုပ်သက်ကြေးတွေပေးဖို့၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုပေးဖို့၊ အနည်းဆုံးအခကြေးငွေ ကျပ် ၃၆ဝဝ သတ်မှတ်ခဲ့တုန်းက ပေးခဲ့တဲ့ ခံစားခွင့် ကျပ် ၄၂ဝဝဝ ကို အနည်းဆုံးအခကြေးငွေ ၄၈ဝဝ ဖြစ်သွားတဲ့ အခါမှာလည်း ဖြတ်တောက်တာမျိုးမလုပ်ဘဲ၊ အပြည့်အဝပေးဖို စတဲ့အချက်တွေ ပါဝင်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရှင်းရှင်းကြာဇံစက်ရုံ အလုပ်သမားတွေ ဆန္ဒပြမှု မပြေလည်သေး ရှင်းရှင်းကြာဇံစက်ရုံ အလုပ်သမားတွေ ဆန္ဒပြမှု မပြေလည်သေး Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.