(ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းတွင် တွေ့ရသော သင်္ဘောကွေ့ကျေးရွာမှ ကလေးငယ်တစ်ဦး / ဓာတ်ပုံ - အောင်ချေ) |
မောင်တောမြို့နယ်တွင် ဇူလိုင်လ ၉ ရက်နေ့က အစိုးရ၏ ပြောင်းရွှေ့ဖျက်သိမ်းခြင်းကို ခံလိုက်ရသည့် သဘောင်္ကွေ့ကျေးရွာမှ လူဦးရေ ၁၀၀ ကျော်ခန့်မှာ နေထိုင်ရေးအခက်အခဲများ ဖြစ်ပေါ်နေပြီး သဝင်ချောင်းကျေးရွာ၊ ခွဆုံပြင်ကျေးရွာနှင့် ကျောက်ပန္ဒူကျေးရွာများတွင် နေရာချထားခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံထားသော်လည်း တစ်စုံတစ်ရာ ထူးခြားမှု ရှိမလာသေးကြောင်း သိရသည်။
လက်ရှိတွင် ရွှေ့ပြောင်းခံရသူအများစုမှာ ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်း၌ ယာယီနေထိုင်လျှက်ရှိပြီး မကြာမီအချိန်တွင် ဝါတွင်းကာလကို ရောက်ရှိတော့မည်ဖြစ်သဖြင့် အဆင်မပြေမှုများရှိသောကြောင့် သင့်တော်သည့်နေရာတစ်ခုမှာ နေရာချထားပေးစေလိုကြောင်း သဘောင်္ကွေ့ကျေးရွာမှ ဦးမောင်ဝင်းချေက ပြောသည်။
“ ကျွန်တော်တို့အနေနဲ့ စားရေးသောက်ရေးနဲ့ နေထိုင်ရေးမှာ နေထိုင်ရေးက ပိုပြီးအခက်ခဲရှိတယ်။ နေရတာက ဘုန်းတော်ကြီးကျောင်းမှာ နေရတာဖြစ်တော့ မကြာခင် ၀ါဝင်တော့မှာဖြစ်တဲ့အတွက် အခက်ခဲတွေအများကြီး ရှိပါတယ်။ အဆင်မပြေဘူးပေါ့။ ဒါကြောင့် သင့်တော်တဲ့ နေရာတစ်ခုမှာ နေရာချထားပေးစေချင်တယ် ” ဟု ပြောသည်။
ဘုန်ကြီးကျောင်းတွင် နေထိုင်ရသည်မှာ အမျိုးသမီးများ၊ ကလေးငယ်များအတွက် မသင့်တော်သည့်အတွက် အမြန်ဆုံးနေရာချထားပေးရန် လိုအပ်သလို၊ ကျန်းမာရေးနှင့်ပတ်သက်၍လည်း အခက်ခဲများရှိနေကြောင်း သင်္ဘောကွေ့ရွာမှ ပြောင်းရွေ့ခံရသူ မချိုချိုအေးက ပြောသည်။
“ ကျွန်မတို့အနေနဲ့ကတော့ ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ရတာက မသင့်တော်ဘူးလေ။ ကလေးအမေတွေ ပါလာတယ်။ နောက်ပြီးတော့ ကလေးတွေ ကျန်းမာရေးကလည်း အရေးကြီးတာပေါ့။ အခုဆိုရင် ကလေးတွေ နေမကောင်းဖြစ်နေတာတွေ ရှိတယ်။ ကျွန်မတို့အနေနဲ့ ပြောင်းရွှေ့နေထိုင်ဖို့နေရာ အမြန်လိုချင်ပါတယ်။ ” ဟု ဆိုသည်။
လက်ရှိ ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းတွင် နေထိုင်နေကြသူများသည် ရခိုင်အမျိုးသားပါတီ အပါအဝင် လူမှုအဖွဲ့အစည်းများမှ ပေးအပ်လှူဒါန်းသော စာနပ်ရိက္ခာများဖြင့် လတ်တလော စားသောက်နေရကြောင်း သိရသည်။
ခင်သရဖီဦး / DMG
Development Media Group
http://www.dmediag.com/
ပြောင်းရွှေ့ခံ သင်္ဘောကွေ့ကျေးရွာသားများ နေထိုင်ရေးအခက်ကြုံ
Reviewed by THITHTOOLWIN
on
21:48
Rating: