စစ်တွေတွင် ယာဉ်တိုက်ခံရ၍ သူငယ်တန်းအရွယ် ကျောင်းသူတစ်ဦး သေဆုံး

သတင်းဓာတ်ပုံ- ယနေ့ (ဇူလိုင်လ ၆ ရက်)နေ့က ယာဉ်တိုက်မှု ဖြစ်ပွားသည်ကို ကြည့်ရှုနေကြစဉ်(ဓာတ်ပုံ-စစ်တွေမြို့နယ် မီးသတ်တပ်ဖွဲ့)
နောင်နောင်/ RiA ၊

စစ်တွေ၊ ဇူလိုင်လ ၆ ရက်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲတပ်ရင်း အမှတ် (၁၂) ရှေ့အနီးတွင် ဇူလိုင်လ (၆) ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် အချိန်က ယာဉ်တိုက်မှုဖြစ်ပွား၍ အသက် (၆) နှစ်အရွယ် သူငယ်တန်း ကျောင်းသူ ကလေးငယ်တစ်ဦး ယင်းနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း စစ်တွေမြို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုရုံးက ပြောသည်။

“ယာဉ်က ဆတ်ရိုးကျ တံတားဖက်ကနေ လာတာ။ အဲဒီမှာ ကလေးက လမ်းဖြတ်ကူးတာပေါ့။ အဲဒီမှာ တိုက်မိတာပါ။ စခန်းမှာတော့ အမှုဖွင့်ထားပြီးပါပြီ။”ဟု စစ်တွေ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး ရဲအုပ်မောင်မောင်က RiA ကို ပြောသည်။

အဆိုပါ သေဆုံးသူမှာ စက်ရုံစုရပ်ကွက်တွင် နေထိုင်သည့် မအေးအေးစိုး အသက် (၆) နှစ်ဖြစ်ပြီး မိမိနေအိမ်မှ ကျောင်းသို့သွားစဉ် လမ်းဖြတ်အကူးတွင် ယာဉ်တိုက်ခံရခြင်း ဖြစ်သည်။

ယာဉ်မောင်းနှင်လာသူမှာ စစ်တွေမြို့တွင် နေထိုင်သူ ဦးပိုင်စိုး၊ အသက် (၂၆) နှစ်ဖြစ်ကြောင်း သိရပြီး ၎င်းကို စစ်တွေမြို့မ ရဲစခန်းတွင် ယာဉ်တိုက်မှု ဥပဒေပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့် ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက် လျှက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၄ ရက်နေ့အထိ ယာဉ်တိုက်မှုပေါင်း ၂၃၇ မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၉၇ ဦးရှိခဲ့ကြောင်း စစ်တွေမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးက သိရသည်။

RiA
https://www.facebook.com/RootAgency/
စစ်တွေတွင် ယာဉ်တိုက်ခံရ၍ သူငယ်တန်းအရွယ် ကျောင်းသူတစ်ဦး သေဆုံး စစ်တွေတွင် ယာဉ်တိုက်ခံရ၍ သူငယ်တန်းအရွယ် ကျောင်းသူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.