ထိုင်းနိုင်ငံ လှိုဏ်ဂူထဲ ပိတ်မိနေခဲ့တဲ့ လူငယ်ဘော်လုံးသမားတွေနဲ့ နည်းပြ စုစုပေါင်း ၁၃ ဦးတို့ကို ဒီကနေ့ ဂူအပြင် စပြီး ကယ်ထုတ်လာရာမှာ၊ လူငယ်နှစ်ဦး ဂူအပြင်ကို ရောက်ရှိလာပြီး ဆေးရုံကိုတိုက်ရိုက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ကျန်လူတွေကိုလည်း ကယ်ထုတ်နေပြီး၊ အချို့ ဂူလမ်းတ၀က်မှာ ရောက်နေတယ်လို့ ထိုင်းသတင်းတွေရော နိုင်ငံတကာသတင်းတွေမှာပါ တိုက်ရိုက်တင်ဆက်နေကြပါတယ်။ သူတို့ကို ဒီကနေ့ စပြီး ဂူအပြင်ကို ကယ်ထုတ်လာနေပြီလို့ ထိုင်းအာဏာပိုင်တို့က ကြေညာထားပေမယ့်၊ ဘယ်နှစ်ဦး ဂူပြင်ရောက်လာပြီလဲဆိုတာ တရားဝင် မပြောသေးပါဘူး။ မကြာခင်မှာတော့ အာဏာပိုင်တွေဖက်က သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိနေပါတယ်။ ဘယ်လို စနစ် ဘယ်လို ပုံစံနဲ့ ကယ်ထုတ်မလဲဆိုတာတတော့ အသေးစိတ် ပြောဆိုတာမရှိသေးပါဘူး။
ကယ်ဆယ်ရေး လုပ်ငန်းမှာတော့ နိုင်ငံခြားသား ရေငုပ်သမား ၁၃ ဦးနဲ့ ထိုင်းနိုင်ငံသား ရေငုပ်သမား ၅ ဦးတို့ ပါဝင်ပါတယ်။ ဂူအတွင်းပိတ်မိနေသူ လူငယ် တဦးစီကို ရေငုပ်သမား ၂ ဦးနဲ့ ခေါ်ထုတ်လာမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး မစ်ရှင် အကြီးအကဲ Narongsak Osottanakorn ကတော့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
“ကလေးငယ်တွေနဲ့ နည်းပြ စုစုပေါင်း ၁၃ ဦး စလုံး ကျန်းမာရေး ကောင်းပြီး စိတ်ဓာတ် တက်ကြွနေကြပါတယ်။ ကယ်ဆယ်ရေး အစီအစဉ်ကိုလည်း သူတို့ အားလုံး သိရှိထားပြီး အဆင့်သင့် ရှိနေကြတယ်၊ ဘယ်လို အခက်အခဲတွေဘဲ တွေ့ပါစေ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အတူ လိုက်ပါဖို့လည်း အဆင့်သင့် ရှိနေကြပါပြီ။ သူတို့ အဆင့်သင့် ရှိတယ်လို့လည်း အခိုင်အမာ ပြောထားပြီး ဖြစ်သလို သူတို့ မိဘ ဆွေမျိုးတွေလည်း ကယ်ဆယ်ရေး အစီအစဉ်ကို သိရှိထားပြီး ကယ်ဆယ်ရေး အစီအစဉ်ကို သဘောတူထားပါတယ်လို့ ပြောဆိုသွားပါတယ်။”
ဂူအတွင်း ပိတ်မိနေသူ အားလုံးကို ကယ်ထုတ်နိုင်ရေးက ၂ ရက်ကနေ ၄ ရက်ကြား ကြာနိုင်တယ်လို့လည်း အာဏာပိုင်တို့က ခန့်မှန်းထားတာပါ။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က ကျောက်လိုဏ်ဂူထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စလို့ ပိတ်မိနေတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ ဘောလုံး နည်းပြတို့က ရေကြီးနေတဲ့ ဂူအတွင်းက ကုန်းကမူ အသေးလေးပေါ်မှာ ပိတ်မိနေကြတာ ဖြစ်ပြီး ဒေသတွင်း မိုးကလည်း ရွာနေတာကြောင့် ရေက တစတစ ပိုပြီး ကြီးလာနေတာပါ။ တချိန်တည်းမှာဘဲ ဂူအတွင်း အောက်စီဂျင် ရရှိမှု ပမာဏကလည်း ကျဆင်းလာနေတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ပိတ်မိနေတဲ့ ထိုင်းလူငယ်နှစ်ဦး ဂူပြင်ရောက်ရှိ
Reviewed by THITHTOOLWIN
on
20:09
Rating: