တိုက်ပွဲကြောင့် ထွက်ပြေးသူ တစ်ထောင်လောက်ရှိ

သီပေါမြို့က မိုးတေဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၈ ဇူလိုင်လ ၁၇ ရက်နေ့ကတွေ့ရစဉ် / Photo:Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ မိုင်းမုကျေးရွာအုပ်စုမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့တချို့နဲ့ RCSS/SSA တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ၁ ထောင်လောက်ဟာ သီပေါမြို့နဲ့ နမ္မတူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာက ကျေးရွာအုပ်စု အလယ်နားမှာဖြစ်တာကြောင့် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ဟာ သီပေါမြို့ပေါ်နဲ့ နမ္မတူမြို့က မန်စံကျေးရွာတွေကို ထွက်ပြေးရောက်ရှိလာတာဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေး က ပြောပါတယ်။

"သူက နှစ်ခြမ်းပုံစံမျိုး ဖြစ်သွားတာပေါ့နော်။ သူက မိုင်းမုကျေးရွာအုပ်စုရဲ့ အလယ်ခေါင်လောက်မှာ ကျတာကိုး။ အုပ်စုတွင်းရဲ့ ဖြစ်တဲ့နေရာရဲ့ ဟိုဘက်ခြမ်းကျတော့ မိုင်ပိုင်၊ နားဟုတ်၊ နမ့်ဆီလင်း၊ ပန်လုံဘက်က လူတွေကျတော့ မိုးတေဘက်ကို သွားကြတယ်။ ငါးရာကျော်လောက်ရှိမယ်။ သီပေါ မြို့နယ်ထဲ ရောက်သွားတယ်။ ပန်ခါရယ်၊ လုံမိတ် ၊ ကောင်းဟုန်း၊မိုင်းမု ကလူတွေကျတော့ မန်စံကို ရောက်လာကြတယ်။

သီပေါမြို့က မိုးတေဘုန်းကြီးကျောင်းနဲ့ နမ္မတူမြို့က မြောက်ကျောင်းဘုန်းတော်ကြီးကျောင်းကို  မန်ဆန် စစ်ဘေးရှောင်တွေဟာ မနေ့ကတည်းက ရောက်ရှိလာတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာလည်း ထပ်မံရောက်လာ တာတွေရှိတယ်လို့ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် အစားအစာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးထောက်ပံ့တာတွေကို  ရပ်ရွာဒေသခံတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာအဖွဲ့တွေက ကူညီပေးနေတယ်လို့ပြောပါတယ်။

ဒါပေမဲ့ တချို့စစ်ဘေးရှောင်တွေကတော့ အလုပ်လုပ်ရင်းထွက်ပြေးလာရတာတွေကြောင့် အ၊တ်အစား လိုအပ်တာတွေလည်း ရှိနေပါတယ်။

မနေ့က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA, SSPP/SS တို့နဲ့ RCSS/SSA တပ်ဖွဲ့တို့ဟာ ၀မ်ပုံ၊ ၀မ်ကောင်နဲ့ မိုင်းမုကျေးရွာကြားမှာ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် ကတော့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
တိုက်ပွဲကြောင့် ထွက်ပြေးသူ တစ်ထောင်လောက်ရှိ တိုက်ပွဲကြောင့် ထွက်ပြေးသူ တစ်ထောင်လောက်ရှိ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.