ဓါတ်ပုံ- ကယ်ဆယ်ရေးလုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားသူ တပ်ကြပ်ကြီး ဆမာန် ကူနန် (Photo Credit to Thapanee Ietsrichai) |
ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့်နန်းနောန်း ဂူအတွင်းပိတ်မိနေသော ကျောင်းသားဘော်လုံးအသင်း ၁၃ ဦး အား ဂူမှ ကယ်ဆယ်သယ်ထုတ်ရန် ဆောင်ရွက်နေကြစဉ် ထိုင်းနေဗီဆီးလ်တပ်မှ တပ်ကြပ်ကြီးတဦး သေဆုံးသွားခြင်းဖြစ်သည်။
တပ်ကြပ်ကြီး ဆမာန် ကူနန် အသက် ၃၇ နှစ်သည် ဇူလိုင်လ ၆ ရက် မနက်အစောကြီး ၁ နာရီတွင် ဂူအတွင်းသို့ အောက်ဆီဂျင်ဘူးများသယ်ဆောင်ပို့ပေးပြီး ရေငုပ်ပြီး ပြန်ထွက်လာစဉ် အမောလွန်ပြီး သတိလစ်သွားရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ယနေ့မနက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှအကြီးအကဲများ သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။
ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် သေဆုံးသွားသော တပ်ကြပ်ကြီးမှာ စေတနာအလျောက် ပါဝင်လာသည့်နေဗီဆီးလ်အဖွဲ့ဝင်တဦးဖြစ်ကြောင်းလည်းသိရသည်။
၎င်းနှင့်ပတ်သက်ပြီး ထိုင်းဘုရင်မင်းမြတ်က အလောင်းအားနေရပ်သို့ပြန်ပို့ရေး၊ အသုဘအခမ်းအနားပြုပေးရေး၊ ကျန်ရစ်သူမိသားစုများအား ရှေ့ဆက်သွားမည့်စားဝတ်နေရေးကိစ္စများအတွက် လိုလေသေးမရှိ အစိုးရမှ ကူညီဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
သေဆုံးသူ တပ်ကြပ်ကြီး ဆမာန်ကူနန်သည် ထိုင်းနိုင်ငံ အလယ်ပိုင်း လွဲ့အိတ်ခရိုင်တွင်နေထိုင်သူဖြစ်ပါသည်။
ဂူတွင်းရှိနေသေးသောကလေးများအား ပြန်လည်ကယ်ထုတ်ရေးတွင် ရေများလျော့ကျခြင်းမရှိသေးသဖြင့် ပြန်လည်ကယ်ထုတ်နိုင်ခြင်းမရှိသေးကြောင်း၊ ဂူအတွင်းတွင်အောက်ဆီဂျုင်များလျော့နည်းနေသဖြင့် အောက်ဆီဂျင်ဘူးများ ဖြည့်တင်းပေးနေကြောင်းလည်းသိရပါသည်။
နေဗီဆီးလ်တပ်များ စခန်းချသော ဂူအလယ်ပိုင်းမှ ကလေးများရောက်ရှိနေသော နေရာ (၃ ကီလိုမီတာအကွာခန့်) သို့ သွားရန်အချိန် ၅ နာရီကျော်ကြာရေငုပ်၊ ကုန်းလမ်းခရီး သွားရပြီး အသွားအပြန်မှာ ၁၁ နာရီခန့် ကြာမြင့်ကြောင်းလည်း သိရပါသည်။
သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ကယ်ဆယ်ရေးလုပ်ငန်းတာဝန်ဆောင်ရွက်နေစဉ် ထိုင်းနေဗီဆီးလ်တပ်မှ တပ်သားဟောင်းတဦး သေဆုံး
Reviewed by THITHTOOLWIN
on
11:10
Rating: