ထိုင်းကလေးတွေ ကယ်ဆယ်ရေး ပြန်စဖွယ်ရှိ

ထိုင်းကျောင်းသား ဘောလုံးအသင်းက လူငယ်တွေဟာ ၂ ပတ် ကျော် ဂူထဲမှာ ပိတ်မိနေခဲ့
ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်မြို့အနီးမှာ ရှိတဲ့ ထမ်လွန်နမ့်နွန်ဂူထဲမှာ ကျန်ရှိနေသေးတဲ့ ထိုင်းကျောင်းသား ဘောလုံးအသင်းက ကလေးတွေကို ထပ်မံ ကယ်ထုတ်နိုင်ဖို့ ဇူလိုင် ၉ ရက် ဒီနေ့ မနက်ပိုင်းမှာ ရေငုပ်သမားတွေဟာ အန္တရာယ်များလှတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် စတင်ဖွယ် ရှိပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာ ဂူဝင်ပေါက်နားက ကယ်ဆယ်ရေး စခန်းမှာ လူနာတင်ယာဉ် ၇ စင်း ထက်မနည်း အဆင်သင့် ပြင်ဆင်ထားတာကို မြင်ရလို့ ဒီနေ့မှာ ကယ်ဆယ်ရေးလုပ်ငန်း ပြန်စဖွယ် ရှိတယ်လို့ ယူဆရပေမယ့် တရားဝင် သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ဇူလိုင် ၈ ရက်နေ့ည ပိုင်းကတော့ ဂူထဲမှာ ပိတ်မိနေတဲ့ လူ ၄ ယောက်ကို အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီး ချင်းရိုင်ခရိုင်ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးထားပါတယ်။

၎ ယောက်ကို ကယ်ထုတ်အပြီးမှာ မိုးသည်းသည်းမည်းမည်း ရွာလာနိုင်တဲ့ အပြင် ကယ်ထုတ်ရာလမ်းကြောင်း တလျှောက်က အောက်ဆီဂျင် လေဘူးတွေ ပြန်ဖြည့်ဖို့ လိုတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းကို ခေတ္တ ရပ်နားထားခဲ့ပါတယ်။

ကယ်ဆယ်ရေး အတွက် အချိန် အတော်ကြာ ယူရပြီး ရေငုပ်သမားတွေဟာ ဂူပေါက်ကနေ ၃ မိုင်ကျော် (၅ ကီလိုမီတာ) လောက် အကွာအထိ အထဲကို ဝင်ရပြီး ကလေးတွေကို အတူ စောင့်ကြပ် တွဲခေါ်ရမှာပါ။


တနင်္ဂနွေနေ့က ၄ ဦး ကို ကယ်ထုတ် နိုင်ခဲ့တဲ့ ခရီးစဉ်မှာ စုစုပေါင်း ကြာမြင့်ချိန်က ၈ နာရီ နီးပါး ရှိပြီး ခန့်မှန်း ထားတာထက် ကယ်ဆယ်ရေး လုပ်ငန်း က သွက်လက် မြန်ဆန် ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုခဲ့ပါတယ်။

ကျောင်းသားဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာ အက်ကပေါင် ချန်တဝေါင်တို့ဟာ ဇွန်လ ၂၃ ရက်နေ့ကတည်းက ဂူထဲမှာ ပိတ်မိနေခဲ့တာပါ။

တနင်္ဂနွေနေ့မှာတော့ ခေတ္တ မိုး ရပ်နေတာကို အခွင့်ကောင်းယူပြီး ကယ်ဆယ်ရေးသမားတွေဟာ ကယ်ဆယ်ရေး လုပ်ငန်းကို မျှော်မှန်းထားတာထက် စောပြီး စတင်နိုင်ခဲ့ပါတယ်။

ပထမအဆင့် ကယ်ဆယ်ရေး လုပ်ငန်းက အဆင်ပြေချောမွေ့ခဲ့ပြီး ကယ်ထုတ်နိုင်ခဲ့သူ ၄ ဦးစလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် တညလုံး မိုးပြန်ရွာလာတာ အပြင် လာမယ့် ရက်တွေမှာလည် မိုးရွာဖို့ ခန့်မှန့်ထားလို့ ရေငုပ်သမားတွေဟာ ကျန်နေသူတွေကို ကယ်ထုတ်ဖို့ အချိန်လု လုပ်ရဖွယ်ရှိနေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ၃-၄ ရက် ပဲ အချိန်ရနိုင်မယ်လို့ ချင်းရိုင်ခရိုင် အုပ်ရေးမှူး နာရွန်ဆက်က ပြီးခဲ့တဲ့ စနေနေ့တုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့မှာ ရေငုပ်ကျွမ်းကျင်သူ နိုင်ငံတကာက လူ ၅၀ နဲ့ ထိုင်းနိုင်ငံက လူ ၄၀ ပါဝင်ပါတယ်။

ပိတ်မိနေတဲ့ ကလေးတွေ ခိုလှုံနေတဲ့ နေရာကို အသွား-အပြန် ခရီးက အတွေ့အကြုံရင့်ကျက်တဲ့ ရေငုပ်သမားတွေ အတွက်တောင် ခက်ခဲပြီး ပင်ပန်းလှပါတယ်။ ခရီးလမ်းတလျှောက်မှာ ချထားတဲ့ လမ်းကြောင်းပြ ကြိုးတန်းနဲ့ အတူ လမ်းလျှောက်ရတာ၊ ရေထဲ ဖြတ်ရတာ၊ အမြင့်တက်ရတာနဲ့ ရေငုပ်ရတာတွေ လုပ်ရပါတယ်။

ရေငုပ် အတွေ့အကြုံမရှိ ကလေးတွေ အတွက် လွယ်ကူအောင် မျက်နှာပြည့် အသက်ရှု ကိရိယာတွေ တပ်ဆင်ရပြီး ကလေးတယောက်ချင်းစီ အတွက် အကူ ဝါရင့် ရေငုပ်သမား နှစ်ယောက် ထားပေးရပါတယ်။

အခက်ခဲဆုံးအပိုင်းက လမ်းတဝက်လောက်မှာ ရှိတဲ့ T လမ်းဆုံလို့ အမည်ပေးထားတဲ့ အလွန်ကျဉ်မြောင်းနေရာကို ဖြတ်ရတဲ့ အခိုက်အတန့်ပါ။ အဲဒီ နေရာကို ဖြတ်ကျော်နိုင်ဖို့ အတွက် ရေငုပ်သမားတွေဟာ သူတို့ရဲ့ အသက်ရှု အထောက်အကူပြု လေဘူးတွေကို ဖြုတ်ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထိုင်းကလေးတွေ ကယ်ဆယ်ရေး ပြန်စဖွယ်ရှိ ထိုင်းကလေးတွေ ကယ်ဆယ်ရေး ပြန်စဖွယ်ရှိ Reviewed by THITHTOOLWIN on 13:28 Rating: 5
Powered by Blogger.