ထိုင်းလူငယ်တွေ နောက်အပတ်မှာ ဆေးရုံက ဆင်းရနိုင်

နှစ်ပတ်ကျော်ကြာပျောက်ဆုံးသွားခဲ့တဲ့ကလေးတွေ
ထိုင်းနိုင်ငံမြောက်ပိုင်း ထမ့်လွန်ဂူအတွင်း သတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ရာကနေ ကယ်ဆယ်ထားတဲ့ ကလေး ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြဟာ လာမယ့် ကြာသပတေးနေ့ ဇူလိုင်လ ၁၉ ရက်နေ့ လောက်မှာ ဆေးရုံက ဆင်းရနိုင်တယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

အခုဆိုရင် ထိုင်းကလေးတွေဟာ မိဘတွေနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်ရပြီး ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ကောင်းမွန်တဲ့ အကြောင်း သူတို့ကိုယ်တိုင် ရုပ်သံဗီဒီယိုဖိုင်တွေက တဆင့် လူထုကို သတင်းစကားပါးခဲ့ပါတယ်။

ကလေးတွေဟာ ကျန်းမာရေး ကောင်းမွန်လာပြီ ဆိုပေမယ့် သူတို့အပေါ်မှာ သတင်းမီဒီယာတွေကို အာရုံစိုက်မှုတွေ ရှိနေတာကြောင့် ဒီအတွက် ပြင်ဆင်ထားဖို့ လိုတယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီးက သတိပေးပြောကြားခဲ့ပါတယ်။

မိသားစုဝင်တွေအနေနဲ့လည်း အင်တာဗျူးမဖြေကြဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။

ထိုင်းလူငယ်တွေ နောက်အပတ်မှာ ဆေးရုံက ဆင်းရနိုင်
ဆေးရုံက ဆင်းတဲ့အခါ ကလေးတွေဟာ သူတို့ကို ကယ်ရင်း သေဆုံးသွားခဲ့ရတဲ့ ထိုင်းရေတပ်ရဲ့ တပ်ကြပ်ကြီးဟောင်းကို ရည်စူးပြီး ဘုန်ကြီးကျောင်းတစ်ခုမှာ ရှင်သာမဏေ ဝတ်ဖို့ရှိသလို သူတို့ရဲ့ ဘောလုံးနည်းပြဟာလည်း ရဟန်းခံသွားဖို့ ရှိတယ်လို့လည်း သိရကြောင်း မယ်ဆိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၆ ရက်နေ့က သေဆုံးသွားခဲ့တဲ့ ထိုင်းရေငုပ်သမား ဆမန်ခူနမ်ရဲ့ ဈာပနကိုလည်း စနေနေ့မှာ ထိုင်းတော်ဝင်မိသားစုက ကြီးမှူးပြီး နိုင်ငံတော်အဆင့်နဲ့ သဂြိုလ်ခဲ့ကြပါတယ်။

သေဆုံးချိန်မှာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တပ်ကြပ်ကြီးဟောင်း မစ္စတာ ဆမန်ခူနမ်ကို ရေတပ် ဒုတိယဗိုလ်အဆင့်ထိ ထိုင်းဘုရင်မင်းမြတ်က ရာထူးတိုးမြှင့် ပေးလိုက်ပါတယ်။

ဆမန်ခူနမ်ကို တခမ်းတနား ဂုဏ်ပြု
ဆေးရုံပေါ်မှာရှိနေဆဲဖြစ်တဲ့ ကလေးတွေကတော့ ဈာပန အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ မပို့ဆောင်နိုင်ခဲ့ပေမယ့် မစ္စတာ ဆမန်ခူနမ်ရဲ့ ပုံတူပန်းချီကို အသက် ၁၄ နှစ်အရွယ် အဒွန်းဆိုတဲ့ ကလေးက ဆွဲပြီး လွမ်းသူ့ပန်းခွေ ပန်းခြင်းနဲ့အတူ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

သူတို့လေးတွေရဲ့ ဝမ်းနည်းကြေကွဲခြင်း သတင်းစကားကိုလည်း မိသားစုထံ သတင်းစကားပါးခဲ့တယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ဆမန်ခူနမ်ရဲ့ ဇနီးသည်ကတော့ ကလေးတွေအနေနဲ့ ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ ကိုယ်ကိုယ်ကိုယ် အပြစ်မတင်ကြဖို့ တိုက်တွန်းထားပါတယ်။

BBC Burmese
https://www.bbc.com/burmese

ထိုင်းလူငယ်တွေ နောက်အပတ်မှာ ဆေးရုံက ဆင်းရနိုင် ထိုင်းလူငယ်တွေ နောက်အပတ်မှာ ဆေးရုံက ဆင်းရနိုင် Reviewed by THITHTOOLWIN on 04:22 Rating: 5
Powered by Blogger.