သထုံ ဇူလိုင် ၂၁
မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်တွင် ဇူလိုင်လ ၂၀ ရက်၊ ည ၈ နာရီအချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခက်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်ကြိုးပြတ်ကျရာမှ ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရကြောင်း သိရသည်။
“ရုတ်တရက်လေပြင်းကတိုက်တော့ သစ်ပင်လဲပြီး သစ်ကိုင်းကျိုးက ဓာတ်ကြိုးပေါ်ကျတယ် ပြီးတော့ ရှော့ဖြစ်ပြီး ကြိုးကပြတ်ကျပြီးတော့ ကျူရှင်ကပြန်လာတဲ့ကလေးကို လေကလည်း တိုက်နေတော့ ကြိုးကပတ်ပီး ဓာတ်လိုက်သေတာပေါ့” ဟု နန်းခဲရပ်ကွက် (၁) လမ်းနှင့် (၂) လမ်း ရာအိမ်မှူးဖြစ်သူ ဦးစောလွင် ကပြောသည်။
လေပြင်းရုတ်တရက် တိုက်ခတ်မှုကြောင့် နန်းခဲရပ်ကွက်၊ ကွက်သစ် ၁ လမ်းတွင် သစ်ပင် များပြိုလဲပြီး ဓာတ်အား ကြိုးလိုင်းပေါ် သစ်ကိုင်းကျိုးကျ၍ ဓာတ်ကြိုးပြတ်ကျရာမှ စာကျက်ဝိုင်းတွင် သူငယ်ချင်းများနှင့်အတူ စာကျက်ပြီး နေအိမ်သို့ ပြန်လာသည့် အသက် ၁၂ နှစ် အရွယ် ၇ တန်းကျောင်းသူ နန်းခဲကွက်သစ် ၂ လမ်းနေ မဇွန်ဖူးဝေမှာ ဓာတ်လိုက်သေဆုံး ခဲ့ရပြီး သထုံမြို့နယ် အတွင်းရှိ လိပ်အင်းရပ်ကွက်မှ စိန်ကုန်း (အ.မ.က)ကျောင်းနှင့် လူနေအိမ် ၁ လုံး၊ နန်းခဲရပ်ကွက်၊ ကွက်သစ်ရပ်မှ လူနေအိမ် ၃ လုံးနှင့် မြေနီကုန်းကျေးရွာမှ လူနေအိမ် ၃ လုံးတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီဖြစ်စဉ်က နောက်နောင်ဒါမျိုးမဖြစ်ရလေအောင် အစိုးရကို သတိပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါမျိုးဖြစ်စဉ်တွေရှိနေတယ်။ ဒီလိုမျိုး ဟောင်းနွမ်းနေတဲ့ မီးတိုင်တွေ၊ ဒီလိုမျိုး ဆွေးမြေ့ နေတဲ့ မီးကြိုးတွေရှိနေတယ်။ အသက်အန္တရာယ် ဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးတွေ ရှိနေတယ်ဆိုတာကို အစိုးရကို သတိပေးလိုက်တာနဲ့ တူပါတယ်။ အစိုးရအနေနဲ့ လည်း ဒါတွေကို အထူးဂရုပြုအလေးထားဖို့ ပိုပြီးလိုအပ်ပါတယ်" ဟု သထုံမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ ကပြောသည်။
အဆိုပါလေပြင်းတိုက်ခတ်ရာသို့ လွတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတို့ သွားရောက်ကာ ရပ်မိရပ်ဖများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြပြီး မဖူးပွင့်ဝေ သေဆုံးသွားမှုနှင့် ပတ်သက်၍ သထုံမြို့မရဲစခန်းမှ စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
သက်ဦး(သထုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လေပြင်းတိုက်ခတ်ရာမှ ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အဆောက်အဦး အချို့ပျက်စီး
Reviewed by THITHTOOLWIN
on
20:23
Rating: