မဲဆောက်ကနေ မြဝတီဘက်ကို ကူးကြတဲ့ မြန်မာအလုပ်သမားတွေ |
မဲဆောက် က နေ မြဝတီ ဘက်ကို ပြန်သွားနေကြတဲ့ မြန်မာအလုပ်သမားတွေ အခု ရက်ပိုင်းတွေ အတွင်း နေ့စဉ် အယောက် ၅၀၀ လောက်ရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတယောက်လည်း ဖြစ်၊ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကို ကူညီဆောင်ရွက်နေသူလည်းဖြစ်တဲ့ ကိုသားကြီး က ဘီဘီစီ ကို ပြောပါတယ်။
မဲဆောက် က မြန်မာအလုပ်သမား အသိုင်းအဝိုင်းမှာ တရားမဝင် အလုပ်သမားတွေ က အများအပြား ရှိတာမို့ အဲဒီလူတွေက ဖမ်းဆီးခံရမှာကို ကြောက်ရွံ့နေကြတယ် လို့လည်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့်မြန်မာအလုပ်သမားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ်(Passport) သို့မဟုတ် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certification of Identity - CI) နဲ့အတူ နေထိုင်ခွင့်ဗီဇာ ရထားဖို့ လိုအပ်တဲ့အပြင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(Work Permit) လည်းရှိထားဖို့ လိုအပ်ပါတယ်။
မြန်မာသမ္မတ ထိုင်းဝန်ကြီးချုပ် နဲ့ တွေ့ဆုံစဉ် ကလည်း မြန်မာအလုပ်သမားအရေး ကို ဆွေးနွေးခဲ့ |
ထိုင်းနိုင်ငံမှာ တရားမဝင်ကော၊ တရားဝင်ကော အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား အရေအတွက် အတိအကျ ဘယ်လောက်ရှိတယ် ဆိုတာ ကို မသိနိုင်ပေမယ့်၊ ရွှေ့ပြောင်းအလုပ်သမားအရေး ကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ က ထိုင်းနိုင်ငံ ထဲမှာ ရှိနေတဲ့ မြန်မာအလုပ်သမား အရေအတွက် ၃ သန်း လောက် ရှိတယ် လို့ ခန့်မှန်းကြပါတယ်။
မြန်မာအစိုးရ ရဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး က ၂၀၁၇ မတ်လပိုင်း ကတည်း က တရားမဝင် အလုပ်သမားတွေ ကို တရားဝင်လက်မှတ်တွေ ရအောင် လုပ်ဆောင်ပေးခဲ့တာ စုစုပေါင်း ၂ သန်း နီးပါးရှိပြီ လို့ ဘီဘီစီ ကို ပြောပါတယ်။
တရားမဝင် အဖြစ် ရှိနေသေးမယ့် မြန်မာအလုပ်သမား ဘယ်ရွေ့ဘယ်မျှ ကျန်နိုင်သေးတယ် ဆိုတာ သူ မမှန်းနိုင်ပေမယ့် သိန်းချီတဲ့ အရေအတွက် ရှိနိုင်သေးတယ် လို့ သူ က ဆိုပါတယ်။
ထိုင်းရောက် တရားမဝင်အလုပ်သမားတွေ အနေနဲ့ တရားဝင်လက်မှတ် သွားရောက် လုပ်ဆောင်နိုင်ရေး နဲ့ ပတ်သက်ပြီး အလုပ်ရှင်တွေ ရဲ့ ကန့်သတ်ချက်တွေ အပြင် အခြား အခက်အခဲတွေ နဲ့ ရင်ဆိုင် နေကြရတယ် ဆိုတဲ့ သတင်းတွေ လည်းထွက်ပေါ်ခဲ့ပါတယ်။
လာမည့် ဇူလိုင်လ ၁ ရက် က စတင်ပြီး ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ့် သူတွေ အနေနဲ့ မြန်မာနိုင်ငံ က မထွက်ခွာခင် ကတည်းက နိုင်ငံသားလက်မှတ်၊ အလုပ်သမားဗီဇာ၊ အလုပ်ရရှိကြောင်း စာချုပ် ရှိပြီးမှသာ ထိုင်းကို သွားရောက်အလုပ်လုပ်သင့်ပြီး၊ အဲဒါ တွေ ပြည့်စုံမှသာ ထိုင်းရောက်ရင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(Work Permit) လျောက်ထားနိုင်ကာ တရားဝင် အလုပ်သမား အဖြစ် အသိအမှတ်ပြုခံရမယ့် အကြောင်း အဲဒီ အလုပ်သမား သံအရာရှိ က ဘီဘီစီ ကို ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ထိုင်းနိုင်ငံမှာ ဖမ်းဆီးမယ်ဆိုတဲ့နေ့ နီးလာလို့ မြန်မာပြည်ကိုပြန်နေတဲ့ အလုပ်သမားတွေ တိုးလာနေ
Reviewed by THITHTOOLWIN
on
10:52
Rating: