လှိုင်သာယာအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးအနီး လေဘာစာရွက်အတု ပြုလုပ်ရောင်းချသူသုံးဦးကို ထပ်မံဖမ်းဆီး
ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေအများဆုံးနှင့် အလုပ်သမားအများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်တွင် အလုပ်အကိုင်များရရှိရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးအနီးတွင် လေဘာစာရွက်အတုများကို ပြုလုပ်ရောင်းချလျက်ရှိရာ ဦးစွာ ၁၆ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ဆက်လက်လုပ်ကိုင်ကြသည့်အတွက် ဇွန် ၂ဝ ရက် နံနက်ပိုင်းက ထပ်မံဖမ်းဆီးခဲ့ရာ လေဘာစာရွက်အတုများ ကိုင်ဆောင်ထားသူ သုံးဦးကိုဖမ်းဆီး ခဲ့ကြောင်း သိရသည်။
''အားလုံးသုံးဦးမိတဲ့ထဲမှာ တစ်ဦးကို အမှုစွဲတင်ပြီးတော့ နှစ်ဦးကို ရဲစခန်းက ခြေချုပ်ပေးထားတယ်ပြောတယ်၊ ယခင်မိတဲ့ ၁၆ ဦးကိုလည်း အမှုစွဲတင်ထားလို့ တရားရုံးရောက်နေပါပြီ၊ ရုံးနားမှာ လေဘာစာရွက်အတုရောင်းချတဲ့သူတွေရှိနေဆဲပဲလားဆိုတာ ပြောရခက်တယ်၊ တစ်လကျော်ကျော်က တရားရုံးကို စွဲတင်ထားပြီး တော့ အခုထပ်ပြီး ဖမ်းမိတယ်ဆိုတော့ ရှိနေဆဲပဲလို့ ပြောရမလားပဲ၊ အလုပ်သမား အားလုံးအဆင်ပြေအောင် နံနက် ၇ နာရီကနေ ညနေ ၄ နာရီထိ ဆောင်ရွက်ပေးနေ ပါတယ်''ဟု မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ လက်ထောက် òန်ကြားရေးမှူး ဦးတင်ဝင်းက ပြောသည်။
လုပ်သားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ်များလာသော လှိုင်သာယာမြို့နယ်တွင် စက်ရုံပေါင်း ၁ဝ၂၉ ရုံရှိပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ မှတ်ပုံတင်ထားသော အလုပ်သမားပေါင်း နှစ်သိန်းခန့်ရှိပြီး ယခုနှစ်ဆန်းပိုင်းမှစ၍ အလုပ်လျှောက်ထားမှု ပို၍များလာလျက်ရှိကြောင်း၊ ပြီးခဲ့သည့်တစ်ပတ်ကအလုပ်သမား ၆ဝဝ မှ ၁၅ဝဝ အထိ လေဘာစာရွက်လာရောက်လျှောက်ထားခဲ့ပြီး ယခုတစ်ပတ်တွင် ၆ဝဝ ကျော်မှ ၇ဝဝ ကျော်ထိ ပုံမှန်လျှောက်ထားလျက်ရှိကြောင်းနှင့်စက်ရုံများ လစာထုတ်ရက်ဖြစ် သော လကုန်ပြီး ငါးရက်နောက်ပိုင်းတွင် စက်ရုံပြောင်းအလုပ်သမားများသည့်အတွက် လေဘာစာရွက်လျှောက်ထားမှု အများဆုံးဖြစ်ကြောင်း မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ သိရသည်။
ရန်ကုန်မြို့၌ စက်မှုဇုန်အကြီးဆုံးဖြစ်သော လှိုင်သာယာတွင် ဇုန်အမှတ်စဉ်ဖြင့် စက်မှုဇုန် ခုနစ်ခုနှင့်အမည်မှည့်ခေါ်ထားသောစက်မှုဇုန် ခြောက်ခုရှိရာ စုစုပေါင်းစက်မှု ဇုန် ၁၃ ခုတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှဝင်ရောက်သူနှင့် ပြင်ပမှ ဝင်ရောက်လုပ်ကိုင်သူစုစုပေါင်း နှစ်သိန်းခန့်ရှိ၍ နေ့စဉ်လေဘာစာရွက်လျှောက်ထား မှု အနည်းဆုံး ရာကျော်ရှိသောကြောင့် ပွဲစားများနှင့် လေဘာစာရွက်၊ ရဲစခန်းထောက်ခံ စာအတုပြုလုပ်သူများ ငွေရလွယ်သောအလုပ်ဖြစ်သည့်အတွက် တစ်ဦးလျှင်$ ငွေကျပ် ၃ဝဝဝ မှ ၅ဝဝဝ အထိယူကာ စာရွက်စာတမ်းအတုပြုလုပ်သူများ ပို၍များလာခြင်း ဖြစ်ကြောင်း သိရသည်။
''နောက်ပိုင်းမှာ ဆိုင်းဘုတ်ထောင်ပြီး အသိပညာပေးဆောင်ရွက်ဖို့ ရှိပါတယ်၊ အလုပ်သမားတွေကို လေဘာရုံးနဲ့ ရဲစခန်းမှာပဲ လေဘာစာရွက်နဲ့ ထောက်ခံစာ ပြုလုပ်ဖို့၊ အပြင်မှာ တရားမဝင်ပါဘူးဆိုတာသိအောင် ဆိုင်းဘုတ်ထောင်မယ်၊ လက်ကိုင် စကားပြောစက်နဲ့ အသိပေးပါ့မယ်၊ သတင်းရရင်ချက်ချင်းဆောင်ရွက်ပါတယ်''ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြတ်စိုးက ပြောသည်။
လေဘာစာရွက်အတုပြုလုပ်သူများထံမှ စာရွက်စာတမ်းများနှင့် တံဆိပ်တုံး များလည်း ဖမ်းဆီးရမိပြီး အများဆုံးဖမ်းမိသောနေရာမှာ ရွှေလင်ဗန်းမှဖြစ်ကြောင်း မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ သိရသည်။
သတင်း-သန်းထိုက်
ဓာတ်ပုံ -သန်းစိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လှိုင်သာယာအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးအနီး လေဘာစာရွက်အတု ပြုလုပ်ရောင်းချသူသုံးဦးကို ထပ်မံဖမ်းဆီး
Reviewed by THITHTOOLWIN
on
10:50
Rating: