ဟိုင်းကြီးကျွန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် စေတီပုထိုး၊ လူနေအိမ်၊ စာသင်ကျောင်းနှင့် လျှပ်စစ်မီးတိုင်များ ထိခိုက်ပျက်စီး
ဟိုင်းကြီးကျွန်း ၂၉ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းများတိုက်ခတ်လျက်ရှိရာ မေ ၂၉ ရက်နံနက်ပိုင်းက ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် စေတီပုထိုး၊ လူနေအိမ်၊ စာသင်ကျောင်းနှင့်လျှပ်စစ်မီးတိုင်များထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
စေတီပုထိုးများထိခိုက်
မြတ်မော်တင်စွန်းစေတီတော်ရင်ပြင်တော်ရှိ သောကြာထောင့်အရံစေတီတော်၏ စိန်ဖူးတော်မြေခသွားခဲ့ရာ ယင်းစိန်ဖူးတော်ကို ဂေါပကရုံးသို့ပင့်ဆောင်၍ ထိန်းသိမ်းထားရှိကြောင်း၊ ဒုတိယရင်ပြင်တော်ရှိ RCကွန်ကရစ် ကနုတ်ပန်းများဖြင့် တည်ဆောက်ထားသော ခေါင်းလောင်းပြဿဒ် ထိပ်၏အမိုးစွန်း နှစ်ပေခန့် ကျိုးပဲ့ကာပြိုကျသွား ခဲ့ကြောင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင်၏အရှေ့ကဲလားအမိုးများပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။ မေ၂၈ရက် ညနေပိုင်းကလည်း အင်္ဂါထောင့်ရှိအရံစေတီတော်၏ စိန်ဖူးတော်မြေခမှုဖြစ်ထားပြီး နောက်တစ်ရက်တွင် ထပ်မံထိခိုက်မှုဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။
လူနေအိမ်များပြိုကျပျက်စီး
ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ကျောက်က္ကလပ်ကျေးရွာ၌ လူနေအိမ်(၂)လုံး၊ ဒီးဒူးကုန်း ကျေးရွာအုပ်စု၊ ပြည်သာယာကျေးရွာ၌ လူနေအိမ် (၂)လုံး၊ သက္ကယ်သောင်ကျေးရွာအုပ်စု ဖိုးညိုကုန်းကျေးရွာ၌ လူနေအိမ်(၁)လုံးနှင့်အောင်ခိုင်ကျေးရွာ၌လူနေအိမ် (၁)လုံးစုစုပေါင်းလူနေအိမ် (၆) လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ လေဘေးသင့်အိမ်ထောင်စုများကို နီးစပ်ရာဆွေမျိုးသားချင်းများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။
စာသင်ကျောင်းများအမိုးလန်ပျက်စီး
လေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကြီးကျွန်းမြို့၊ သက္ကယ်သောင်ကျေးရွာအုပ်စု၊ အုန်ချောင်းကျေးရွာရှိ အထက ကျောင်းဆောင်အရှေ့ခြမ်းနှင့် ဖိုးညိုကုန်းကျေးရွာ၊ အလက(ခွဲ)ကျောင်းဆောင် အရှေ့ခြမ်းရှိ အမိုးသွပ်များ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
လျှပ်စစ်မီးတိုင်များလဲကျ
ငါးပြေမဓာတ်အားခွဲရုံမှ ဟိုင်းကြီးကျွန်းမြို့သို့သွယ်တန်းထားသော မရမ်းကွင်းကျေးရွာနှင့် တောင်ကလေးကျေးရွာအကြား (၈၆/၅) မိုင်အတွင်းလျှပ်စစ်မီးတိုင်နှစ်ချောင်းမှာ မိုးရွာသွန်းခြင်းကြောင့် မြေပျော့ နေသည့်အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လဲကျသွားခဲ့ကြောင်းသိရှိရသည်။ လျှပ်စစ်မီးတိုင် (၂)ချောင်း လဲကျသွားခြင်းကြောင့် ဟိုင်းကြီးကျွန်းမြို့သို့ယာယီလျှပ်စစ်မီး ဖြတ်တောက်ထားပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှဝန်ထမ်းများက ကရိန်းကားများဖြင့် လဲကျနေသော မီးတိုင် (၂)ချောင်းကို ပြန်လည်စိုက်ထူခြင်း လုပ်ငန်းများဆောင်ရွက်ကာ လျှပ်စစ်မီးပြန်လည်ပို့လွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် မေ ၂၇ ညပိုင်းကစတင်၍ ယနေ့အချိန်အထိလေပြင်းများတိုက်ခတ်လျှက်ရှိပြီး လေတိုက်နှုန်း တဖြည်းဖြည်း မြင့်လာခဲ့ရာ မေ ၂၈ ရက်ညပိုင်းနှင့် ၂၉ ရက်နံနက်ပိုင်းတိုက်ခတ်ခဲ့သောလေမှာ အပြင်းထန်ဆုံးဖြစ်သည်။
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများကျိုးပဲ့ပြိုလဲမှုများ၊ လူနေအိမ်များပြိုကျမှုများ၊ စာသင်ကျောင်း များ အမိုးလန်ပျက်စီးမှုများ၊ စေတီပုထိုးထိခိုက်မှုများဖြစ်ပေါ်ခဲ့သော်လည်း ယနေ့အချိန်အထိလူ၊ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်၍ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဟိုင်းကြီးကျွန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် စေတီပုထိုး၊ လူနေအိမ်၊ စာသင်ကျောင်းနှင့် လျှပ်စစ်မီးတိုင်များ ထိခိုက်ပျက်စီး
Reviewed by THITHTOOLWIN
on
22:36
Rating: