မူဆယ် ၂၉ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သော ရွှေနန်းတော်ဂိတ် (အလယ်ပေါက်)၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့တွင် ၀င်ရောက်လာသော သူများအား လက်ဗွေနှိပ်စနစ်ဖြင့် စစ်ဆေးကာ ၀င်ရောက်ခွင့် ပြုနေကြောင်းသိရသည် ။
အဆိုပါ ဂိတ်တွင် မြန်မာနိုင်ငံသားများ နေ့စဉ်နှင့်အမျှ တရားဝင် ၀င်ရောက် လျှက်ရှိရာ မေလ(၂၂)ရက်နေ့မှ စပြီး ယနေ့မေလ(၂၉)ရက်နေ့အထိ တရုတ်နိုင်ငံ ရွှေလီမြို့ ရဲတပ်ဖွဲ့မှ ရွှေလီ-ဂျယ်ဂေါင်သို့ ၀င်ရောက်လာသော သူများကို လက်ဗွေနှိပ်ရယူကာ စစ်ဆေးနေမှုကြောင့် ဖြတ်သန်းသွားလာမှု အချိန်နှောက်နှေး လျှက်ရှိကြောင်းသိရသည်။
“မနက်(၈)နာရီလောက်ကနေ လာတန်းစီတာ အခုနေ့လယ်(၁၂) နာရီထိုးတော့မယ် ဟိုဘက်ကမ်းကို မရောက်သေးဘူးဖြစ်နေတယ်၊ လူတွေအများကြီး(ထောင်ချီခန့်ရှိ)နဲ့ ယောက်တိုင်းကို လက်ဗွေနှိပ်ရတယ်၊ လူတစ်ယောက်ကို လက်ဆယ်ချောင်းလုံးနှိပ်ခိုင်းတယ် အဲ့တော့ စောင့်ရတဲ့အချိန်တွေအရမ်းကိုကြာတယ်” ဟုရွှေလီမြို့သို့ မူဆယ်မြို့ဆင်ဖြူဂိတ်မှတဆင့် ၀င်ရောက်မည့် မြန်မာနိုင်ငံသား တစ်ဦးကပြောသည်။
အဆိုပါ လက်ဗွေနှိပ်ယူရသောကြောင့် မူဆယ်မြို့ပတ်လမ်းနှင့် မန့်ဝိန်းဂိတ်သွားသည့် ပြည်ထောင်စု လမ်းတစ်လျှေက် ယာဉ်ကြီးများ အချိန်ကြမြင့်စွာရပ်တန့်နေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
အဆိုပါ လက်ဗွေနှိပ်မှတ်တမ်းယူ စစ်ဆေးနေခြင်းကို တရုတ်ပြည် ရွှေလီအစိုးရမှ လုပ်ဆောင်ရန် ညွှန်ကြားခြင်း ဖြစ်ကြောင်းသိရပြီး မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ယင်းလက်ဗွေနှိပ် စစ်ဆေးခြင်းကြောင့် တရုတ်နိုင်ငံသား/ မြန်မာနိုင်ငံသားဟု ခွဲခြားသိနိုင်ပြီး ဥပဒေနှင့် အညီ ဖမ်းဆီးအရေးယူမည်ဖြစ်ပါကြောင်းသိရသည် ။
တရုတ်နိုင်ငံသို့ တရားမ၀င်သွားရောက်အလုပ် လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကိုလည်း ဖမ်းဆီးအရေးယူမှုများရှိပြီး မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအရ ဖမ်းဆီး ခံရသူများအား နှစ်နိုင်ငံတာဝန်ရှိသူအချင်းချင်း အပြန်အလှန် လွှဲပြောင်းပေးမှုများ ရှိပါကြောင်း မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရှိရသည်။
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မူဆယ်မြို့ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ်တွင် ၀င်ရောက်လာသော သူများအား လက်ဗွေနှိပ်စနစ်ဖြင့် စစ်ဆေး
Reviewed by THITHTOOLWIN
on
22:38
Rating: