လားရှိုးဒေသခံများ၏ အသိမ်းခံရလယ်ယာမြေများအနက် ဧက ၂၀၀ ကျော်ပြန်ရ

ဓါတ်ပုံ- ၀မ့်ခိုင်းတွေရွာသားများ၏ အသိမ်းခံရမြေနေရာ များအား တာဝန်ရှိပုဂ္ဂိုလ်များကွင်းဆင်းကြည့်ရှုနေစဉ်
မေလ ၁၉ ရက် ၂၀၁၈

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ် ၀မ့်ပွဲအုပ်စုအတွင်းရှိ စစ်တပ်မှ သိမ်းယူထားသောလယ်ယာမြေများအနက် ဧက ၂၀၀ ကျော်အားပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့က ပြောဆိုလိုက်သည်။

အဆိုပါလယ်ယာမြေများသည် ၀မ့်ပွဲအုပ်စု ခိုင်းတွေရွာသားများပိုင် လယ်ယာမြေများဖြစ်ပြီး နမ့်ယောဝ်ချောင်းအနောက်ဘက်ကမ်း တွင်တည်ရှိပါသည်။ အမှတ် ၁၁ စစ်ရေးလေ့ကျင်ရေးကျောင်းမှ သိမ်းယူထားသော လယ်ယာမြေများဖြစ်ကြောင်းသိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက - “သူတို့သိမ်းထားတာက နမ့်ယောဝ်ချောင်း အရှေ့ ဘက်ခြမ်းရော အနောက်ဘက်ခြမ်းရောဘဲ။ အခုပြန်ပေးမှာက ချောင်းအနောက်ဘက်ကမ်းက ဧက ၂၀၀ ဖိုး။ အရှေ့ဘက်ကမ်းက ဧပက ၁၀၀၀ ကတော့ ပြန်မပေးတော့ဘူးလို့ပြောတယ်။ သူတို့လာသိမ်းတုန်းက မြေလွှတ်မြေရိုင်းလေ။ နောက်မှ သူတို့တပ်လာပြီးအခြေစိုက်မှ ဘေးကလူထုမြေတချို့ကိုပါ သိမ်းယူတာ။ နေအိမ် ၃ လုံးအဖျက်ခံရလို့ပြောတယ်။ အဲတာတွေတော့ပြန်မပေးတော့ဘူးတဲ့ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လယ်ယာမြေပြန်လည်ရရှိရေးအတွက် မြေယာစီစစ်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိသူများ ပူးပေါင်းတောင်းဆိုပေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ စစ်တပ်မှပြန်ပေးမည့် နမ့်ယောဝ်ချောင်းအရှေ့ဘက်ကမ်း မြေဧက ၂၀၀ ကျော်မှာမူ လူထုပြန်လည်စိုက်ပျိုးလုပ်ကိုင်စားသောက်နိုင်ရန် ပြန်လည်ပေးအပ်မည်ဟုဆိုသော်လည်း လက်ရှိတွင် မြေနေရာ ပြန်လိုချင်သူများနေသဖြင့် ပြန်လည်စီစစ်နေကြောင်းသိရသည်။

“မြေနေရာက ဧက ၂၀၀ ။ လိုချင်သူကများနေတယ်။ ဘယ်သူတွေကပိုင်ရှင်အစစ်အမှန်ဆိုတာ ပြန်စီစစ်နေတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေတိုင်းဦးစီးဌာနနဲ့ပေါင်းပြီးတော့ပေါ့။ မျှမျှတတဖြစ်အောင်ပေါ့ ”- ဟု ဆိုပါသည်။

အဆိုပါဒေသရှိမြေနေရာများလာရောက်သိမ်းယူစဉ် ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်ခန့်က အမှတ် ၁၁ စစ်ရေးလေ့ကျင့်ရေးတပ်သည် တပ်ရင်းအဆင့်သာရှိသေးသည်။ ၂၀၁၄ ခုနှစ်မှာ စစ်ရေးလေ့ကျင့်ရေးကျောင်းအဖြစ် တိုးမြှင့်လိုက်သည်။

ဒေသခံများပြောပြချက်အရ လက်ရှိမြေနေရာသည် ၀မ့်ခိုင်းတွေရွာအနီးတွင်သာရှိပြီး မန္တလေး - လားရှိုး ရထားလမ်းအနီးတွင်ရှိခြင်း ၊ ကားလမ်းနှင့်လည်း နီးသဖြင့် မြေနေရာသင့်တော်ကောင်းမွန်ခြင်း၊ အဆိုပါဒေသသို့ တခြားဒေသမှ သျှမ်း၊ ကုလား၊ တရုတ်၊ ဗမာလူမျိုးများလာရောက်အခြေချနေထိုင်ခြင်းကြောင့် စီးပွါးရေးအတွက် အထူးသင့်တော်ကောင်းမွန် တန်ဖိုးရှိသော မြေနေရာဖြစ်ကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
လားရှိုးဒေသခံများ၏ အသိမ်းခံရလယ်ယာမြေများအနက် ဧက ၂၀၀ ကျော်ပြန်ရ လားရှိုးဒေသခံများ၏ အသိမ်းခံရလယ်ယာမြေများအနက် ဧက ၂၀၀ ကျော်ပြန်ရ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.