စစ်တွေ၊ မေ ၁၃၊ ၂၀၁၈။
နေအိမ်ပေါင်း ၉၄ လုံးမီးလောင်ပျက်စီးသွားသည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာမီးလောင်မှုသည် ရှို့မီးဟု မြို့နယ်မီးသတ်ဦးစီးဌာနက ပြောသည်။
အဆိုပါကျေးရွာတွင် မေလ ၁၂ ရက်နေ့၊ ည ၁၁ ခန့်က အဆိုပါကျေးရွာမှ အသက် ၇၂ နှစ်အရွယ် ဦးအောင်ဘသိန်း၏ သကြားစက်ရှိသည့်နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်စဉ်မှာ ယင်းနေအိမ်အတွင်း လူနေထိုင်မှုလည်း မရှိသလို မည်သည့်ပစ္စည်းမှလည်း ရှိမနေကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းသူက ပြောသည်။
"သူတို့မိသားစုက ရေကောင်းချောင်းကျေးရွာအုပ်စုက ရွာသစ်တည်ရွာမှာ အိမ်ဆောက်နေနေတာ ၁ဝ ရက်လောက်တောင် ရှိနေပြီလို့ သိရတယ်။ ဆိုတော့ ကျနော်တို့ရွာသားတွေနဲ့ ဆွေးနွေးတိုင်ပင်တော့ ရှို့မီးဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်"ဟု ဦးမင်းသူက ဆိုသည်။
နေအိမ်ပေါင်း ၁၃၅ အိမ်ရှိသည့်အဆိုပါကျေးရွာတွင် ၉၄ အိမ်မီးလောင်ပျက်စီးသွားပြီး မီးလောင်သွားသည့်နေအိမ်များအနက် နေအိမ် ၂၆ လုံးတွင်သာ လူနေထိုင်၍ ကျန်အိမ်များမှ လူများသည် ရွာသစ်တည်ထားသည့်ရွာတွင် ပြောင်းရွှေ့နေထိုင်နေကြကြောင်း သိရသည်။
မီးဘေးကြောင့် နေအိမ် ၂၆ လုံးမှ လူပေါင်း ၁ဝ၃ ဦးသည် ဘုန်းတော်ကြီးကျောင်းနှင့် Cyclone Shelter တွင် ယာယီတည်းခိုနေရပြီး ကူညီထောက်ပံ့မှု များစွာလိုအပ်နေကြောင်းလည်း ကျေးရွာဒေသခံ ကိုအောင်ဌေးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မီးရှို့ခဲ့သည်ဟုယူဆရသူကို စုံစမ်းနေဆဲဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့်နေအိမ်ပိုင်ရှင်အား အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်းလည်း သိရသည်။
အဆိုပါမီးမှာ မေလ ၁၃ ရက်နေ့၊ နံနက် ၅ နာရီခန့်မှသာ မီးငြိမ်းသွားပြီး ကျပ်သိန်း ၇ဝ ဖိုးခန့် မီးလောင်ဆုံးရှုံးသွားကြောင်းလည်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
အိမ် ၉၄ လုံးမီးလောင်သွားသည့် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာမီးလောင်မှု ရှို့မီးဟု မြို့နယ်မီးသတ်ဆို
Reviewed by THITHTOOLWIN
on
18:18
Rating: