တာဝန်ယူဆောင်ရွက်ရတဲ့ လုပ်ငန်းပမာဏများပြီး လစာနှုန်းထားအင်မတန်နည်းပါးတဲ့အပြင် အခွင့်အရေးရရှိမှု တန်းတူညီမျှမှု မရှိတာတွေ ပညာရေးအခွင့်အလန်း ရာထူးတိုးအခွင့်အလမ်းနည်းပါး တာတွေကြောင့် သူနာပြုတွေဟာ လစဉ် လုပ်ငန်းခွင်ကနေ ထွက်ခွာတဲ့ ဦးရေမြင့်တက်နေတယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မေ ၃၀ ရက် မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ ရဲ့ သူနာပြု နဲ့ အကူသူနာပြုတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုတိုးတက်ကောင်းမွန်အောင် နိုင်ငံတကာ အဆင့်မီ သင်တန်းကျောင်းတွေနဲ့ စွမ်းဆောင်ရည်မြှင့် သင်တန်းတွေ ဖွင့်လှစ်ဖော်ဆောင်ပေးဖို့နဲ့ဆက်စပ်တဲ့ မေးခွန်းကိုဖြေကြားရာမှာ အခုလို ပြောကြားခဲ့တာပါ။ အစိုးရဆေးရုံတွေမှာ သူနာပြု ခွင့်ပြုဦးရေ သုံးသောင်းကျော်ရှိပေမယ့် လက်ရှိမှာ နှစ်သောင်းကျော် သာ တာဝန်ထမ်းဆောင်နေတဲ့အတွက် သူနာပြုဦးရေ လိုအပ်နေတယ်လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။
သူနာပြုတွေလျော့နည်းလာတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနက ကုသရေးဦးစီးဌာနနဲ့ ဆေးရုံကြီးတွေမှာ လစ်လပ်နေတဲ့ အကူသူနာပြုရာထူးတွေဖြည့်စွက်ခန့်ထားနိုင်ဖို့ အကူသူနာပြုပြင်ပ ကိုးလ သင်တန်းကို အနည်းဆုံး ကိုးတန်းအောင်ရှိတဲ့ သူတွေကို သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုစေပြီး အောင်မြင်သူတွေကို သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ပေမယ့် ကျွမ်းကျင်ပညာရှင်တွေ မဟုတ်တာကြောင့် အသိအမှတ်ပြုလိုင်စင်ပြုလုပ်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဦးနိုင်ငံလင်းကဆိုပါတယ်။
အရည်အသွေးပြည့်မီတဲ့သူနာပြုတွေအကူ၊ သူနာပြုတွေကို စည်းကမ်းတကျမွေးထုတ်သင့်ပြီး အရည်အသွေးပြည့်မီတဲ့ လိုင်စင်စာမေးပွဲတွေကိုလည်းဖြေဆိုပေးသင့်ပါတယ်လို့မေးခွန်းမေးမြန်းသူ ဒေါ်မြလှစံကပြောပါတယ်။
သတင်း-စန်းဝေအောင်
Central News Bureau
https://www.facebook.com/onenewsonline
သူနာပြုလိုအပ်ချက်၏ သုံးပုံနှစ်ပုံသာ တာဝန်ထမ်းဆောင်နေ
Reviewed by THITHTOOLWIN
on
21:23
Rating: